North America
အမေရိကန် ကာကွယ်ရေးဝန်ကြီးအဖြစ် ကြည်းတပ်ဆိုင်ရာအတွင်းဝန် မာ့ခ်အက်စ်ပါအား သမ္မတ ထရမ့် အမည်စာရင်းတင်သွင်းမည်

ဝါရှင်တန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ကာကွယ်ရေးဝန်ကြီးအဖြစ် ကြည်းတပ်ဆိုင်ရာအတွင်းဝန် မာ့ခ်အက်စ်ပါ (Mark Esper) အား အမည်စာရင်းတင်သွင်းမည်ဖြစ်ကြောင်း ယာယီကာကွယ်ရေးဝန်ကြီး ပတ်ထရစ် ရှန်နာဟန် (Shanahan) နုတ်ထွက်ပြီး သုံးရက်အကြာ ဇွန်လ ၂၁ ရက်တွင် အိမ်ဖြူတော်က ပြောကြားခဲ့သည်။
ထို့ပြင် သမ္မတက ပင်တဂွန် စစ်ဌာနချုပ်၏ငွေကြေးတာဝန်ခံ ဒေးဗစ်နော်ကွစ် (David Norquist) အား လက်ထောက် ကာကွယ်ရေးဝန်ကြီးအဖြစ်လည်းကောင်း၊ ကြည်းတပ်ဆိုင်ရာ လက်ထောက်အတွင်းဝန် ရိုင်းမက်ကာသီ (Ryan McCarthy) အား ကြည်းတပ်ဆိုင်ရာအတွင်းဝန်အဖြစ်လည်းကောင်း အသီးသီး အမည်စာရင်းတင်သွင်းမည်ဟု အိမ်ဖြူတော်က ပြောကြားခဲ့သည်။
အသက် ၅၅ နှစ်ရှိပြီဖြစ်သော အက်စ်ပါသည် ကြည်းတပ်ဆိုင်ရာအတွင်းဝန်အဖြစ် ၂၀၁၇ ခုနှစ်ကစ၍ တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်း၏ တာဝန်များတွင် လူသစ်စုဆောင်းမှု၊ စီစဉ်မှု၊ လေ့ကျင့်သင်ကြားပေးမှု၊ လက်နက်ကိရိယာတပ်ဆင်မှုများအပြင် လက်ရှိ တာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့အင်အား ၁.၄ သန်း၊ National Guard ၊ အရန်စစ်သားများ၊ ကြည်းတပ်အရပ်သားဝန်ထမ်းများဦးစီးဌာနနှင့် ၎င်းတို့၏မိသားစုဝင်များအား စောင့်ရှောက်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။
စစ်မှုထမ်းသမိုင်းကြောင်းရှိသူတစ်ဦးဖြစ်သည့် အက်စ်ပါသည် အတွင်းဝန်မဖြစ်မီက အဓိက ကာကွယ်ရေး ကန်ထရိုက်တာဖြစ်သည့် Raytheon ကုမ္ပဏီတွင် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း သိရသည်။ (Xinhua)