Connect with us

North America

အမေရိကန် နိုင်ငံ ဟော့စတန်မြို့က တရုတ်နိုင်ငံနှင့် စီးပွားရေး ဆက်ဆံမှုများ တိုးတက်စေရန် စိတ်အားထက်သန်နေဟု စီးပွားရေး ခေါင်းဆောင်ပြော

တရုတ်နိုင်ငံ၌ ကျင်းပသော ဒုတိယ အကြိမ်မြောက် နိုင်ငံတကာ သွင်းကုန် ပြပွဲ ပိုစတာအား တွေ့ရစဉ်(ဆင်ဟွာ)

ဟော့စတန် ၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ၏ စတုတ္ထမြောက် အကြီးဆုံး မြို့ဖြစ်သော ဟော့စတန်မြို့ရှိ လုပ်ငန်းရှင်များက တရုတ် နိုင်ငံနှင့် ၎င်းတို့၏ စီးပွားရေး ဆက်ဆံမှုများကို တိုးချဲ့ရန် စိတ်အားထက်သန်လျက်ရှိကြောင်း ဒေသခံ စီးပွားရေး ခေါင်းဆောင် တစ်ဦးက ပြောကြားခဲ့သည်။

ဟော့စတန်မြို့ရှိ အာရှ ကုန်သည်ကြီးများ အသင်း(ACC) က နှစ်စဉ် ပြုလုပ်သော ညစာစားပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပရာ ACC တွင် ဒါရိုက်တာဘုတ်အဖွဲ့၏ ဉက္ကဋ္ဌ ဖြစ်သူ Bin Yu က မိန့်ခွန်း ပြောကြားရာတွင် ဒေသခံ စီးပွားရေး လုပ်ငန်း ၂၅ ခုကို ကိုယ်စားပြုသော ကိုယ်စားလှယ် အဖွဲ့မှာ တရုတ်နိုင်ငံ၌ ကျင်းပသော ဒုတိယ အကြိမ်မြောက် နိုင်ငံတကာ သွင်းကုန် ပြပွဲ(CIIE)သို့ တက်ရောက်ခဲ့ကြကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ကိုယ်စားလှယ် အဖွဲ့ကို ACC နှင့် Greater Houston Partnership တို့မှ ပူးတွဲ စီစဉ်ခြင်း ဖြစ်ကာ CIIE ၌ အလွန် စိတ်ဝင်စားဖွယ်ကောင်းသော ဆွဲဆောင်မှု ရရှိခဲ့ကြောင်း Bin Yu က ပြောကြားခဲ့သည်။

“သုံးနာရီ အတွင်းမှာ ပညာရေး ၊ ကျန်းမာရေး စောင့်ရှောက်မှု ၊ စွမ်းအင်နဲ့ ကုန်သွယ်ရေး ကဏ္ဍတွေက ကုမ္ပဏီ ၄၀ ကျော်နဲ့ စကားပြောခဲ့ရပါတယ်။”ဟု ၎င်းက ပြောကြားခဲ့ပြီး ကိုယ်စားလှယ် အဖွဲ့က လာမည့်နှစ်တွင် ပြုလုပ်မည့် ပြပွဲ အတွက် ပြခန်း အရွယ်အစားကို သုံးဆခန့် တိုးရန် စဉ်းစားနေကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။

ဟော့စတန် မြို့တော်ဝန် Sylvester Turner က လွန်ခဲ့သော နှစ်နှစ်က တရုတ် နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်ကို ထည့်သွင်း ပြောကြားကာ ဟော့စတန်မြို့၏ ကိုယ်စားလှယ် အဖွဲ့ကြီးကို ခေါင်းဆောင်၍ ပေကျင်း ၊ ရှန်ဟိုင်း နှင့် ရှန်ကျန်းမြို့များသို့ သွားရောက်ခဲ့သည်မှာ မမေ့နိုင်စရာ အမှတ်တရများ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းခရီးစဉ်မှ ဖြစ်ပေါ်လာသော ဆက်ဆံရေးမှာ လွန်စွာ ကြီးမားခဲ့ပြီး အိမ်ခြံမြေ ၊ ဘဏ္ဍာရေး ၊ စွမ်းအင် ၊ ဆေးဘက်ဆိုင်ရာ နှင့် ကုန်သွယ်ရေး ကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း များစွာ ရှိကြောင်း ၊ အဆိုပါ ဆက်ဆံရေးများကို ချဲ့ထွင်ရေး အတွက် ပြန်သွားရန် မျှော်လင့်ကြောင်း ဟော့စတန် မြို့တော်ဝန် Sylvester Turner က ပြောကြားခဲ့သည်။

အဆိုပါ ညစာစားပွဲ အခမ်းအနားတွင် တစ်သီးပုဂ္ဂလ လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများကို ဆုအမျိုးမျိုး တစ်နှစ်တာ အကောင်း ဆုံး လုပ်ငန်းရှင်ဆု ၊ တစ်နှစ်တာ အကောင်းဆုံး စီးပွားရေးလုပ်ငန်းဆု နှင့် တစ်နှစ်တာ အကောင်းဆုံး သံတမန်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားသို့ စီးပွားရေး ခေါင်းဆောင်များနှင့် လုပ်ငန်းရှင်များ စုစုပေါင်း ၈၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

၁၉၉၀ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သော အာရှ ကုန်သည်ကြီးများ အသင်း(ACC)မှာ ကွဲပြားခြားနားသော ၊ ယဉ်ကျေးမှု ပေါင်းစုံသော အဖွဲ့ တစ်ဖွဲ့ ဖြစ်ပြီး အာရှ နိုင်ငံများ အားလုံး အတွက် ဒေသတွင်းနှင့် ပြည်ပရှိ အာရှ အသိုင်းအဝိုင်းနှင့် စီးပွားရေး ချဲ့ထွင်ရန် ရည်မှန်းထားကြောင်း သိရသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.