North America
အိုကလာဟိုးမားတွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် အနည်းဆုံး နှစ်ဦးသေဆုံး

ဟို့စ်တန်၊ မေ ၁၀ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ အိုကလာဟိုးမား (Oklahoma) မြို့အနီး၌ မေလ ၉ ရက်က လေဆင်နှာမောင်း တိုက်ခတ် မှုကြောင့် အနည်းဆုံး လူနှစ်ဦး သေဆုံးခဲ့ပြီး လူပေါင်းများစွာ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ဂေါက်သီး အရွယ်အစားရှိ မိုးသီးများ ရွာသွန်းမှုကြောင့် Garvin ဒေသရှိ အမျိုးသား တစ်ဦးမှာ ၎င်း၏ နေအိမ် အတွင်းမှာပင် သေဆုံးခဲ့သလို Connerville ရှိ အခြား အမျိုးသား တစ်ဦးမှာလည်း အုတ်ကျိုးများ ပိမိပြီး သေဆုံး ခဲ့ကြောင်း The Kolahoman နေ့စဉ် သတင်းစာ၌ ဖော်ပြထားသည်။
အဆိုပါ မုန်တိုင်းကြောင့် လူပေါင်းများစွာ ဒဏ်ရာ ရရှိခဲ့ကြသလို ရေဒီယို အသံလွှင့်ရုံ တစ်ခုနှင့် အဆောက်အဦ များစွာ ပျက်စီးခဲ့ကြောင်း သိရသည်။ ရုပ်မြင်သံကြား ထုတ်လွှင့်မှုများ၌လည်း နေအိမ်များ ပျက်စီးခြင်း၊ မော်တော်ယာဉ်များ တိမ်းမှောက်ခြင်းနှင့် သစ်ပင်များ အမြစ်မှ ကျွတ်ထွက်သွားသည့် မြင်ကွင်းများ တွေ့ရ သည်။
အမျိုးသား ရာသီဥတု လုပ်ငန်းက လေဆင်နှာမောင်း ၅ လုံး ဝင်ရောက်မည် ဖြစ်ကြောင်း မေလ ၉ ရက် အစောပိုင်းက သတိပေးချက်များ ထုတ်ပြန်ထားပြီး ယင်းအနက်မှ မုန်တိုင်း ၄ လုံးအား အတည်ပြုထားပြီး ဖြစ်သည်။ (Xinhua)