North America
737 MAX လေယာဉ် အကျပ်အတည်းကြားက ဘိုးရင်းကုမ္ပဏီ CEO ရာထူးမှ နုတ်ထွက်

ဆန်ဖရန်စစ္စကို ၊ ဒီဇင်ဘာ ၂၄ ရက်(ဆင်ဟွာ)
ဘိုးရင်း(Boeing) ကုမ္ပဏီ အမှုဆောင်အရာရှိချုပ်(CEO) Dennis Muilenburg သည် ရာထူးမှ နုတ်ထွက်ကြောင်း နှင့် ကုမ္ပဏီ၏ လက်ရှိဥက္ကဋ္ဌ David Calhoun အား အမှုဆောင်အရာရှိချုပ်အဖြစ် ဒါရိုက်တာ ဘုတ်အဖွဲ့က အမည်တင်သွင်းခဲ့ကြောင်း အမေရိကန်နိုင်ငံ၏ လေယာဉ်တည်ဆောက်ရေးကုမ္ပဏီ ဘိုးရင်းက ဒီဇင်ဘာ ၂၃ ရက်တွင် ကြေညာခဲ့သည်။
လူပေါင်း ၃၄၆ ဦးထိ သေဆုံးခဲ့ရသည့် ဘိုးရင်း 737 MAX ဂျက်လေယာဉ် နှစ်စင်း ပျက်ကျမှုဖြစ်ပွားခဲ့ပြီးနောက် လေကြောင်းလိုင်းများ ၊ လေယာဉ်စီးခရီးသည်များ နှင့် ပြည်သူများ၏ ယုံကြည်မှု ပြန်လည်ရရှိရန် ဘိုးရင်းကုမွဏီက ရုန်းကန်နေရစဉ်အတွင်း ၎င်း၏ အမှုဆောင်အရာရှိချုပ် ယခုကဲ့သို့ ရာထူးမှ နုတ်ထွက်မှု ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
“ လေကြောင်းလိုင်းတွေ ၊ ခရီးသွားတွေ ၊ အားလုံးသော သက်ဆိုင်သူတွေနဲ့ ဆက်ဆံရေးပြန်လည်တည်ဆောက်ဖို့ ကုမ္ပဏီရဲ့ အားထုတ်မှုတစ်ခုဖြစ်သလို အဲဒီလူတွေရဲ့ ယုံကြည်မှုကို ပြန်ရဖို့မဖြစ်မနေလိုအပ်တဲ့အတွက် ခေါင်းဆောင်မှု အပြောင်းအလဲလုပ်ဖို့ ဘုတ်အဖွဲ့က ဆုံးဖြတ်ခဲ့တာပါ” ဟု ကုမ္ပဏီက ဆိုသည်။
ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ Calhoun သည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၃ ရက်တွင် ဘိုးရင်း၏ အမှုဆောင်အရာရှိချုပ်(CEO) နှင့် ဥက္ကဋ္ဌ ရာထူးများကို စတင်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း နှင့် ဘုတ်အဖွဲ့ဝင် Lawrence Kellner သည် ဘုတ်အဖွဲ့ အမှုဆောင် မဟုတ်သော ဥက္ကဋ္ဌ အဖြစ် အဆောတလျင်ခန့်အပ်ခံရမည်ဖြစ်ကြောင်း သိရသည်။(Xinhua)