Education & Health
ရမှတ် ၃၈ဝနှင့်အထက် ရရှိသူများအနေဖြင့် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်
ရန်ကုန်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)
ယခု ၂ဝဝ၇–၂ဝ၁၈ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရမှတ် ၃၈ဝနှင့်အထက် ရရှိသူများအနေဖြင့် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ကြောင်း ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၏ ထုတ်ပြန်ချက် သတင်းများအရ သိရသည်။
အဆိုပါ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်သို့ တက်ရောက်လိုသူများ အနေဖြင့် ပညာသင်နှစ် ငါးနှစ်တက်ရောက် ရမည်ဖြစ်ပြီး ပညာသင်နှစ်ပြီးဆုံးပါက သိပ္ပံဘွဲ့ (B.Agr.Sc) ပေးအပ်မည် ဖြစ်ကာ ယခုနှစ်အတွက် ကျောင်းသားဦးရေ ၁၅ဝနှင့် ကျောင်းသူဦးရေ ၁၅ဝ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူဦးရေ ၃ဝဝကို လက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။
လျှောက်ထားလိုသူများ အနေဖြင့် မြန်မာနိုင်ငံသားဖြစ်ရန် လိုအပ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာ၊အင်္ဂလိပ်၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ဇီဝဗေဒ စသည့်ဘာသာတွဲဖြင့် အမှတ်ပေါင်း ၃၈ဝနှင့် အထက် ရရှိသူများဖြစ်ရမည် ဖြစ်ကြောင်း၊ အဆိုပါတက္ကသိုလ်တွင် လက်တွေ့ကွင်းဆင်း ဆောင်ရွက်ရမည်ဖြစ်၍ ကိုယ်လက်အင်္ဂါ ပြည့်စုံပြီး ကျန်းမာရေး (က) အဆင့်ရှိရန်လည်း လိုအပ်ကြောင်း သိရသည်။
အဆိုပါရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် ဝင်ခွင့်လျှောက်လွှာနှင့်အတူ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်ကြောင်း သက်ဆိုင်ရာကျောင်းအုပ်ကြီး ၏ထောက်ခံချက် (မူရင်း)၊ အမှတ်စာရင်း(မူရင်း)၊ လျှောက်ထားသူ အပါအဝင် မိဘများ၏မှတ်ပုံတင် မိတ္တူ၊ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ရဲစခန်း၊ ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့်သက်ဆိုင်ရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက်မူရင်း၊ လိုင်စင်ဓာတ်ပုံ သုံးပုံတို့ဖြင့် ပူးတွဲပေးပို့ ၍ သြဂုတ် ၃၁ ရက်တွင် နောက်ဆုံးထားလျှောက်ထား ရမည်ဖြစ်ပြီး ကျောင်းသားရေးရာဌာန ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊ ရေဆင်းသို့ လိပ်မူ၍ ပေးပို့လျှောက်ထား ရမည်ဖြစ်ကြောင်း အစိုးရ၏တရားဝင် သတင်းထုတ်ပြန်ချက်အရသိရသည်။ (Xinhua)