Environment, Disasters & Accidents
ကမ်းရိုးတန်းသွား ကုန်တင်ရေယာဉ် သင်္ဘော အလံတိုင်က မဟာ ဓာတ်အားလိုင်းကြိုးအား တိုက်မိမှု ဖြစ်ပွား
ရန်ကုန် ၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ)
ရန်ကုန်မြစ်လယ်မှ ခနောင်တိုချောင်း အတိုင်း လွန်းတင်ရန် မောင်းနှင်လာသည့် ကမ်းရိုးတန်းသွား ကုန်တင်ရေယာဉ် သဘောၤ အလံတိုင် နှင့် ခနောင်တို ချောင်းအကူး အမြင့်ပေ ၁၂၀ ရှိ တာဝါတိုင်နှင့် ဆက်သွယ်ထားသည့် မဟာ ဓာတ်အားလိုင်းကြိုးနှစ်ကြိုးမှာ ယနေ့ဇူလိုင် ၂၇ ရက် နံနက်ပိုင်းတွင် တိုက်မိကာ ပြတ်ကျသွားခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ခနောင်တိုအရှေ့ရပ်ကွက်ရှိ ထွန်းရတနာ သင်္ဘောလွန်းကျင်းသို့ လွန်းတင်ရန် ထွက်ခွာလာသည့် ရေယာဉ် အမြင့် ၃၂ ပေ ကုန်တန်ချိန် ၁၆၄၃ တန် တင်ဆောင်သည့် ကမ်းရိုးတန်းသွား ကုန်တင်ရေယာဉ်သည် ခနောင်တိုချောင်း အတိုင်း မောင်းနှင်လာစဉ် ခနောင်တိုချောင်းအကူး အမြင့်ပေ ၁၂၀ ရှိ တာဝါတိုင်နှင့် ဆက်သွယ်ထားသည့် လှိုင်သာယာမှ ၃၃၀၀၀ KV ဖြင့် ပို့လွှတ်သည့် ဓာတ်အားလိုင်းကြိုးခြောက်ခုမှ အောက်နှစ်ကြိုးဖြစ်သည့် လှိုင်သာယာ – ဆိပ်ကြီးခနောင်တိုလိုင်းနှင့် လှိုင်သာယာ – ကွမ်းခြံကုန်းမဟာ ဓာတ်အားလိုင်းကြိုးနှစ်ကြိုးမှာ သင်္ဘောအလံတိုင်နှင့် တိုက်မိပြီး ပြတ်ကျသွားခဲ့ရာ မြို့နယ်အတွင်း လျှပ်စစ်မီး ပြတ်တောက် သွားခဲ့ကြောင်း သိရသည်။
ထိုဖြစ်စဉ်ကြောင့် ရေယာဉ်ပေါ် ပါရှိသည့် ရေယာဉ်မှူး အပါအဝင် ၁၆ ဦးမှာ ထိခိုက်မှု မရှိကြောင်း နှင့် မြို့နယ်လျှပ်စစ်မန်နေဂျာရုံး တာဝန်ရှိသူမှ ရန်ကုန်လျှပ်စစ်ရုံးချုပ်သို့ ဆက်သွယ် အကြောင်းကြား ထားပြီး အင်ဂျင်နီယာ အဖွဲ့မှ လာရောက် ပြုပြင် နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။(Xinhua)