Asia
နီပေါ အနောက်ပိုင်းတွင် ကားတိုက်မှုဖြစ်ပွား၊ လူ ၉ ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရ
ခတ္တမန္ဒူ၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)
နီပေါနိုင်ငံ အနောက်ပိုင်း ဒိုတီခရိုင်တွင် ကားတိုက်မှုဖြစ်ပွားခဲ့ရာ လူ ၉ ဦး သေဆုံးခဲ့ပြီး အခြားလူ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သြဂုတ်လ ၅ ရက်က ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ယင်း ခရိုင်အတွင်းရှိ ဘိုတာဂန်နယ်မြေရှိ တောင်ထူထပ်သောလမ်းပေါ်တွင် ဂျစ်ကား တစ်စီး လမ်းချော်ကျကာ လျှို တစ်ခုအတွင်းသို့ မီတာ ၅၀၀ ခန့် ပြုတ်ကျသွားခဲ့ပြီး လူ ၉ ဦးမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ဒေသဆိုင်ရာ ရဲအရာရှိ ရှီဗာဗဟာဒူးဆင်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။
ဒဏ်ရာရသူ ၇ ဦးအနက် လေးဦးမှာ စိုးရိမ်ရကြောင်း အဆိုပါ ရဲအရာရှိက ဆိုသည်။
“ဒဏ်ရာရသူတွေက နီးစပ်ရာ ဆေးရုံတွေမှာ ကုသမှု ခံယူနေကြပါပြီ” ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။
အဆိုပါ ဂျစ်ကားတွင် ခရီးသည် ၁၆ ဦး တင်ဆောင်လာပြီး ဒိုတီပြည်နယ်မှ Dipayal ခရိုင်ရှိ ချမာရာချောင်တာရာနယ်မြေသို့ သွားရာ လမ်း၌ လမ်းချော်ကာ ပြုတ်ကျခဲ့ခြင်း ဖြစ်သည်။ ယင်းနေရာမှာ မြို့တော် ခတ္တမန္ဒူမှ အနောက်ဘက် ၈၀၀ ကီလိုမီတာအကွာ၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
တောင်ထူထပ်သော လမ်းများ၏ အနေအထား မကောင်းခြင်းနှင့် မော်တော်ယာဉ်များ၏ ထိန်းသိမ်းပြုပြင်မှု အားနည်းခြင်းများကြောင့် နီပေါနိုင်ငံတွင် ယာဉ်မတော်တဆမှု မကြာခဏ ဖြစ်ပွားရကြောင်း သိရသည်။ (Xinhua)