Connect with us

Videos

ရှမ်းပြည်နယ်မြောက်ပိုင်းအတွက် အရေးပေါ် လူသားချင်းစာနာမှုအကူအညီ အမေရိကန်ဒေါ်လာ ၁ သန်းအသုံးပြုမည်ဟု UNOCHA Myanmar ထုတ်ပြန်

ရန်ကုန်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ဘေးရှောင်ပြည်သူများအတွက် အရေးပေါ်လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များ တုန့်ပြန်ဆောင်ရွက်ရန်အတွက် အမေရိကန် ဒေါ်လာ ၁ သန်း အသုံးပြုသွားမည် ဖြစ်ကြောင်း UNOCHA Myanmar ၏ နိုဝင်ဘာ ၁၀ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်အထိ အခြေအနေများအရ ထိတွေ့တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လူဦးရေ ၅၀,၀၀၀ နီးပါး နေရပ်စွန့်ခွာကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း UNOCHA Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် နိုဝင်ဘာလ အစောပိုင်းတွင်လည်း နိုင်ငံ၏ အနောက်မြောက်ပိုင်းတွင်လည်း လူဦးရေ ၄၀,၀၀၀ နီးပါး နေရပ်စွန့်ခွါထွက်ပြေးနေကြရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လိုအပ်ချက်များကို တုန့်ပြန်ဆောင်ရွက်နေသူများအား ကူညီပေးရန်အတွက် မြန်မာနိုင်ငံ လူသားချင်းစာနာမှုရန်ပုံငွေမှ အမေရိကန်ဒေါ်လာ ၁ သန်းထုတ်ပေးမည်ဖြစ်ကြောင်း၊ သို့ရာတွင် ထိုအကူအညီသည် မြင့်မားလာနေသော လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် လုံလောက်ခြင်းမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြချက်အရ သိရသည်။

အရေးတကြီးလိုအပ်နေသည့် လူသားချင်းစာနာမှု လိုအပ်ချက်များမှာ စားနပ်ရိက္ခာ၊ အနွေးထည်၊ အိပ်ယာ၊ ခြင်ထောင်၊ ဆေးဝါး၊ ကျန်းမာရေး/တစ်ကိုယ်ရေသုံးပစ္စည်းများအပြင် အခြေခံကယ်ဆယ်ရေးပစ္စည်းများ၊ စိတ္တလူမှုဆိုင်ရာ အကူအညီများဖြစ်ကြောင်း သိရသည်။
ယနေ့အထိ လိုအပ်ချက်များရှိနေသော ပြည်သူများအနက် ၃၀ ရာခိုင်နှုန်းခန့်သည် အကူအညီများ လက်ခံရရှိထားပြီးဖြစ်သည်ဟု ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများက အစီရင်ခံထားကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုး၊ သိန္နီ၊ နမ့်တစ်၊ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ ကျောက်မဲနှင့် နောင်ချိုမြို့နယ်များမှ စစ်ဘေးရှောင် ၅၀,၀၀၀ နီးပါးအနက် ၃၄,၀၀၀ ကျော်သို့ စားနပ်ရိက္ခာဝယ်ယူရန် ငွေကြေးအကူအညီ ထောက်ပံ့နိုင်ရေးအတွက် ကြိုးပမ်းနေပြီး နောက်ထပ်တုန့်ပြန်ရေးလုပ်ငန်းများကို စီစဉ်နေဆဲဖြစ်ကြောင်း လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများက အစီရင်ခံထားသည်ကို ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.