Connect with us

Media

တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ၇၄ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် ပညာရေးအထောက်အကူပြုပစ္စည်းများ လှူဒါန်း

ရန်ကုန်၊ ဇွန် ၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် တရုတ်နိုင်ငံ ကျေးလက်ဖွံ့ဖြိုးတိုးတက်မှု ဖောင်ဒေးရှင်းတို့သည် ဇွန်လ ၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်း လှိုင်သာယာမြို့နယ်သို့ စာရေးကိရိယာနှင့် စားနပ်ရိက္ခာထုပ်များ လှူဒါန်းပေးအပ်ခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai က “ယနေ့ လှူဒါန်းခြင်းရဲ့ရည်ရွယ်ချက်က တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၄) နှစ်ပြည့် အထိမ်းအမှတ်ဖြစ်၍ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း၏ မူလရည်မှန်းချက်ကို ပြန်လည်အောက်မေ့ပြီး ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး သံယောဇဉ်ကို လက်ဆင့်ကမ်းကာ ကျောင်းသားကျောင်းသူများ ပညာသင်ယူပြီး ထူးချွန်ထက်မြတ်သူများ ဖြစ်လာစေရန်အတွက် အကူအညီပေးခြင်း ဖြစ်ကြောင်း” ပြောကြားခဲ့သည်။ လှိုင်သာယာမြို့နယ်ရှိ အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်းသည် တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင် ကူညီတည်ဆောက်ပေးသည့် “တရုတ်-မြန်မာ ချစ်ကြည်ရေးကျောင်း” ၂၃ ကျောင်းအနက် တစ်ကျောင်းဖြစ်သည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် ၂၀၁၇ ခုနှစ်တွင် အဆိုပါကျောင်းအတွက် ၂ ထပ် စာသင်ဆောင်တစ်ဆောင် တည်ဆောက်ပေးခဲ့ပြီး ကျောင်းဆောင်၏ မူလအခြေအနေကို တိုးတက်ကောင်းမွန်လာစေခဲ့သည်။ ထို့နောက် တရုတ်သံရုံးက ကျောင်းဆရာ၊ ဆရာမများ တရုတ်နိုင်ငံသို့ လေ့လာရေးခရီးသွားရောက်ရန်စီစဥ်ပေးခဲ့ပါသည်။ ကိုဗစ်-၁၉ ကပ်‌ရောဂါကာလအတွင်းတွင် တရုတ်သံရုံးမှ အဆိုပါကျောင်းထံသို့ ကပ်ရောဂါကာကွယ်ရေးပစ္စည်းများလည်း လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။ (Xinhua)