Social
မြို့နယ် ၅ မြို့နယ်ရှိ တန်ဖိုးနည်း နှင့် တန်ဖိုးသင့် တိုက်ခန်းများ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ အစီအစဉ် ဖြင့် ရောင်းချသွားမည်
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၅ မြို့နယ်မှ တန်ဖိုးနည်း နှင့် တန်ဖိုးသင့် တိုက်ခန်းများအား ရန်ကုန် တိုင်းဒေသကြီး အစိုးရ အဖွဲ့အစီအစဉ်ဖြင့် ပြည်သူများ(အထူးသဖြင့် ဝင်ငွေနည်း ပြည်သူများ ၊ နိုင်ငံ့ ဝန်ထမ်း များ ၊ နိုင်ငံ ဝန်ထမ်း အငြိမ်းစားများ ၊ ကုမ္ပဏီ ဝန်ထမ်းများ)ထံသို့ရောင်းချပေးသွားမည် ဖြစ်ကြောင်း ပြည်သူ့အိမ်ရာ စီမံကိန်းများ ဦးစီး ကော်မတီရုံးမှ အသိပေး ကြေညာခဲ့သည်။
ဆောက်လုပ်ရေး ဝန်ကြီး ဌာန ၊ မြို့ပြ နှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနက ဆောက်လုပ်ထားသည့် မြောက်ဥက္က လာပ မြို့နယ် ၊ လှိုင်သာယာမြို့နယ် ၊ ရွှေပြည်သာ မြို့နယ် ၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် များရှိ တန်ဖိုးနည်း နှင့် တန်ဖိုးသင့် တိုက်ခန်းများကို ပြည်သူများ ထံသို့ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထိုတန်ဖိုးနည်း နှင့် တန်ဖိုးသင့် တိုက်ခန်းများကို ဝယ်ယူခွင့် လျှောက်ထားသူများသည် မြန်မာ နိုင်ငံသား အသက် ၂၃ နှစ် ပြည့်ပြီးသူ ဖြစ်ရမည် ဖြစ်ကြောင်း ၊ မိသားစု(အိမ်ထောင်စု ပုံစံ ၆၆/၆) တစ်စုတွင် တစ်ဦးသာ လျှောက်ထားခွင့် ရှိမည် ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်း အိမ်ပိုင်/မြေပိုင် မရှိသူ ဖြစ်ရမည် ဖြစ်ကြောင်း သိရသည်။
ထို့အတူ တန်ဖိုးနည်း တိုက်ခန်း ဝယ်ယူခွင့် လျှောက်ထားမည့်သူ၏ မိသားစု ဝင်ငွေသည် တစ်လ ကျပ် သုံးသိန်း နှင့် ကျပ် ၅ သိန်းကြား ရှိရမည် ဖြစ်ပြီး တန်ဖိုးသင့် တိုက်ခန်း ဝယ်ယူခွင့် လျှောက်ထားမည့်သူ၏ မိသားစု ဝင်ငွေသည် ကျပ် ၅ သိန်း နှင့် ၁၂ သိန်းကြား ရှိရမည် ဖြစ်ကြောင်း သိရသည်။
ဝယ်ယူလိုသူများသည် သတ်မှတ် ပုံစံ လျှောက်လွှာများဖြင့် လျှောက်ထား ရမည် ဖြစ်ပြီး လျှောက်လွှာများကို မိမိ နေထိုင်သည့် မြို့နယ်၏ သက်ဆိုင်ရာ ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနရုံးများတွင် ဖေဖော်ဝါရီ ၁၆ ရက်မှ စတင်၍ ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
လျှောက်လွှာများကို မတ်လ ၁၆ ရက် နောက်ဆုံးထား၍ မိမိ ဝယ်ယူခဲ့သည့် သက်ဆိုင်ရာ ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနရုံးများတွင် ပြန်လည် တင်သွင်း ရမည် ဖြစ်ကြောင်း သိရသည်။
လျှောက်လွှာ နှင့် အတူ ပူးတွဲ တင်ပြရမည့် အထောက်အထားများ ၊ ထောက်ခံချက်များ ၊ လျှောက်ထားသူ လိုက်နာရမည့် စည်းကမ်းများ ၊ ရောင်းချပေးမည့် တိုက်ခန်းများ စာရင်း ၊ အဆောက်အအုံ ပုံစံများ နှင့် ဈေးနှုန်းများကို ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနရုံးများတွင် ကြည့်ရှုနိုင်ကြောင်း အသိပေး ကြေညာထားသည်။(Xinhua)