Myanmar
မြန်မာနိုင်ငံ ကချင်ပြည်နယ်အတွင်းရှိ ကျောက်စိမ်းလုပ်ကွက် နွံကန်ပေါက်မှုကြောင့် သေဆုံးသူ ၂၂ ဦးထိ တိုးလာ
ရန်ကုန်၊ ဇန်နဝါရီ ၁၅ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ကချင်ပြည်နယ် ဖားကန့်မြို့ရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခု၏ နွံကန်ပေါက်မှုကြောင့် သေဆုံးသူ ၂၂ ဦးထိ တိုးလာကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ယနေ့(ဇန်နဝါရီ ၁၅ ရက်) ဆင်ဟွာသို့ပြောကြားသည်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု စပိုက်ကျေးရွာတွင် ဇန်နဝါရီ ၁၃ ရက် နံနက် ၁ နာရီခွဲခန့်က ကျောက်စိမ်းလုပ်ကွက်တစ်ခု၏ နွံကန်ပေါက်မှု ဖြစ်ပွါးခဲ့ကြောင်း၊အဆိုပါ နွံကန်ပေါက်မှုကြောင့် ဇန်နဝါရီ ၁၃ ရက်တွင် ရုပ်အလောင်း ၁၃ လောင်း၊ဇန်နဝါရီ ၁၄ ရက်တွင် အလောင်း ၉ လောင်း စုစုပေါင်း ရုပ်အလောင်း ၂၂လောင်း ပြန်လည် ရရှိထားကြောင်း ၎င်းက ဆိုသည်။
အဆိုပါ နွံကန်ပေါက်မှုကြောင့် အိမ်ခြေ စုစုပေါင်း ၅၇ လုံး မြေကြီးအောက်တွင် နစ်မြုပ်သွားခဲ့ကြောင်း ရဲအရာရှိက ပြောသည်။
“ပြိုကျတဲ့ ရွှံ့ပမာဏ များပြားတာကြောင့် အောက်ခြေမှာ နစ်မြုပ်နေတဲ့ လူတွေနဲ့ စက်တွေကို ပြန်ရှာဖို့ ခက်ခဲတယ်၊ ဒီနေ့လည်း ကယ်ဆယ်ရေး ဆက်လုပ်နေကြပါတယ်” ဟု ၎င်းက ဆိုသည်။ (Xinhua)