Local
ရန်ကုန်မြို့အခြေပြုဖွံ့ဖြိုးတိုးတက်ရေး နယ်ပယ်များတွင် ရင်းနှီးမြှုပ်နှံလိုသူများအတွက်အချက်အလက်များကို တိုင်းဒေသကြီးအစိုးရမှ လာမည့်မေလ၌ ထုတ်ပြန်ရန်ဆောင်ရွက်လျက်ရှိ
ရန်ကုန်၊ မတ် ၂၁ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့အခြေပြုဖွံ့ဖြိုးတိုးတက်ရေး နယ်ပယ်များတွင် ရင်းနှီးမြှုပ်နှံလိုသူများအတွက် ပိုမိုတိကျသည့် အချက်အလက်များကို တိုင်းဒေသကြီးအစိုးရမှ လာမည့်မေလ၌ ထုတ်ပြန်သွားရန် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
ရန်ကုန် Sule Shangri-La Hotel၌ ကျင်းပသည့် Myanmar Infrastructure Summit 2018 အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှာစကားပြောကြားစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့ ရန်ကုန်မြို့ကို အခြေပြုပြီး ဖွံ့ဖြိုးတိုးတက်ရေးနယ်ပယ်တွေပေါ်မှာ ရင်းနှီးမြှပ်နှံမှုလုပ်လိုသူတွေအတွက် ပိုမိုတိကျတဲ့ အချက်အလက်တွေအားလုံးကို လာမယ့် မေလမှာ တိုင်းဒေသကြီးအစိုးရဘက်က ထုတ်ပြန်သွားဖို့အတွက် ဆောင်ရွက်နေပါ တယ်”ဟု ဝန်ကြီးချုပ်က ပြောသည်။
မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နံှပါက လွယ်ကူချောမွေ့ပြီး အာမခံမှုရှိစေနိုင်သည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကာကွယ်ပေးနိုင်ရေးအတွက် ပြုပြင်ပြောင်းလဲမှုများကို စတင်ဆောင်ရွက် နေကြောင်း၊ ယခုအခါ နိုင်ငံခြားရင်းနှီးမြှုပ်နံှမှု ဥပဒေသည်လည်း ပြုပြင်ပြောင်းလဲသွားပြီဖြစ်သည့်အတွက် ရင်းနှီးမြှုပ်နံှသူများအတွက် အခွင့်အလမ်းကောင်းများစွာရှိနေကြောင်း၊ ထို့အပြင် Infrastructure ကဏ္ဍနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းတစ်ခုအတွင်း၌ ပင် အမေရိကန်ဒေါ်လာ ၅ဘီလီယံ လောက် တည်ဆောက်ရမည့် လုပ်ငန်းများရှိကြောင်း ၎င်းကပြောသည်။
“မြန်မာနိုင်ငံမှာ အိမ်ခြံမြေလုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမှုလုပ်လိုသူတွေ များစွာရှိပါတယ်။ အိမ်ခန်းတွေလိုချင်တဲ့သူတွေ ရာနဲ့ချီ ထောင်နဲ့ချီ သိန်းနဲ့ချီပြီး ရှိနေပါတယ်။ ရာနဲ့ချီဆိုတာ အဆင့်မြင့်အိမ်ရာမှာ နေထိုင်လိုသူတွေရှိနိုင်ပါတယ်။ ထောင်နဲ့ချီဆိုတာ အလယ်အလတ်သောသူများအတွက် ရှိနေပါတယ်။ သိန်းနဲ့ချီတဲ့ အခြေခံလူတန်းစားတွေအတွက် နေထိုင်စရာ အခွင့်အလမ်းတွေများစွာလိုအပ်နေတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒီအခွင့်အလမ်း ဟာ စီးပွားရေးလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုလုပ်လိုသူတွေအတွက် အခွင့်အလမ်းကောင်းပဲဖြစ်ပါတယ်။ နေစရာလိုအပ်နေတဲ့ အိမ်ထောင်စုပေါင်း တစ်သိန်းခွဲလောက် ကျွန်တော်တို့ တိုင်းအတွင်းမှာ ရှိနေတာဖြစ်ပါတယ်။ လူဦးရေတိုးတက်များပြားလာတာနဲ့အမျှ လူဦးရေ ၇.၄သန်းကျော် ရှိနေတဲ့ ရန်ကုန်မြို့ကြီးဟာ စီးပွားရေးအရ အရေးကြီးတဲ့ စိန်ခေါ်မှုတွေရှိနေသလို အခွင့်အလမ်းပေါင်းများစွာရှိနေပါတယ်။ ရန်ကုန်မြို့ရဲ့ အထပ်မြင့်အဆောက်အဦ တစ်ခုပေါ်ကနေ ကြည့်လိုက်မယ်ဆိုရင် ရန်ကုန်မြစ်ရဲ့ အနောက်ဘက်ကမ်းဟာ ဖွံ့ဖြိုးတိုးတက်မှုဘာမှ မရှိသေးဘူးဆိုတာ တွေ့ရမှာဖြစ်ပါတယ်။ ဒီ၂၀၁၈ ခုနှစ်ကနေစပြီး ရန်ကုန်တိုင်းအတွင်းမှာ ရန်ကုန်မြစ်ရဲ့ အနောက်ဘက်ကမ်း ဒေသတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားမဲ့နှစ်ဖြစ်ပါတယ်။ ဒါကြောင့်မို့ Infrastructure ကဏ္ဍမှာ အရေးကြီးသောနှစ်ဖြစ်တယ်လို့ ကျွန်တော့အနေနဲ့ ပြောပါရစေ။ ၂၀၁၈ခုနှစ် အတွင်းမှာ ရန်ကုန်မြို့သစ်စီမံကိန်းအထူးစီးပွားရေးဇုန်ကြီးတွေ တည်ဆောက်သွားမှာ ဖြစ်တဲ့အတွက် ရန်ကုန်မြစ်ရဲ့ တစ်ဘက်ကမ်းဟာ ပိုမိုဖွံ့ဖြိုးတိုးတက်တဲ့ Smart City တစ်ခုအနေနဲ့ အထူးစီးပွားရေးဇုန် ဧရိယာကြီးတစ်ခု အနေနဲ့ပေါ်ထွန်းလာမှာဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ်က ပြောသည်။ (Xinhua)