Myanmar
မြန်မာနိုင်ငံ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ တာချီလိတ်မြို့အတွင်း တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု ဆောင်ရွက်နေသူ ၂၉ ဦး နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ တာချီလိတ်မြို့အတွင်း တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုဆောင်ရွက်နေသူ ၂၉ ဦးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ (ဖေဖော်ဝါရီ ၁၄ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ မြို့နယ်အတွင်း တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုဆောင်ရွက်နေသည့် သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဆန်ဆိုင်း(က)ရပ်ကွက်ရှိ ထိုင်းနိုင်ငံတွင်နေထိုင်သူ ဝယ်ဆန်ငှားရမ်းသည့် နေအိမ်တွင် အွန်လိုင်းလောင်းကစား တာဝန်ခံနှင့် စကားပြန် ၂ ဦး အပါအဝင် အမျိုးသမီး ၅ ဦး နှင့် အမျိုးသား ၁၁ ဦး စုစုပေါင်း ၁၆ ဦး တို့ကို တရားမဝင်လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် လက်တော့ ၆၁ လုံး၊ Flat Desktop ၃၂၉ လုံး၊ System (CUP) ၉၀ လုံး၊ ဖုန်းမျိုးစုံ ၉၀ လုံး၊ လိုင်စင်မဲ့မော်တော်ယာဉ် ၂ စီး နှင့် ဆက်စပ်ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ ဆက်လက်ရှာဖွေရာ ဖေဖော်ဝါရီ ၁၃ ရက်က အဆိုပါ ရပ်ကွက်အတွင်း ထိုင်းနိုင်ငံသား အမျိုးသား ၇ ဦး နှင့် မြန်မာနိုင်ငံသား အမျိုးသား ၁ ဦး၊ အမျိုးသမီး ၅ ဦး စုစုပေါင်း ၁၃ ဦးတို့အား ကွန်ပျူတာ ၅၀ လုံး၊ ဖုန်းမျိုးစုံ ၃၀၀ လုံး ၊ ဘိန်းစာရွက်၊ ဘိန်းစာရွက်ပြုတ်ရည်နှင့် ချောင်းဆိုးပျောက်ဆေးရည် ပုလင်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ထိုင်းနိုင်ငံသားများအနေဖြင့် တာချီလိတ်မြို့နယ်အတွင်းသို့ အလည်အပတ်နှင့် အလုပ်အကိုင်လုပ်ရန်အတွက် အမှတ်(၁) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ဝင်ရောက်ခဲ့ရာမှ တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု ဆောင်ရွက်နေသူက ဆက်သွယ်ခဲ့သဖြင့် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ယင်း အွန်လိုင်းလောင်းကစားပိုင်ရှင်ဖြစ်သူ တစ်ဖက်နိုင်ငံ ချင်းမိုင်တွင်နေထိုင်သည့် ထိုင်းနိုင်ငံသား ဝယ်ဆန်နှင့် ဇနီးဖြစ်သူအပါအဝင် ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

ဖမ်းဆီးရမိသော တရားခံများနှင့် ဆက်စပ် ပစ္စည်းများအား တွေ့ရစဉ် (ဓာတ်ပုံ-Information team)

ဖမ်းဆီးရမိသော တရားခံများနှင့် ဆက်စပ် ပစ္စည်းများအား တွေ့ရစဉ် (ဓာတ်ပုံ-Information team)

ဖမ်းဆီးရမိသော တရားခံများနှင့် ဆက်စပ် ပစ္စည်းများအား တွေ့ရစဉ် (ဓာတ်ပုံ-Information team)