Social
မြောင်းမြကြိုးတံတား ပြုတ်ကျသွားမှုကြောင့် ခရီးသည်များနှင့် ကုန်စည်များအား တပ်မတော်(ရေ)မှ ကမ်းထိုးရေယာဉ်များဖြင့် ကူညီပို့ဆောင်
ရန်ကုန်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)
မြောင်းမြကြိုးတံတား ပြုတ်ကျသွားမှုကြောင့် ခရီးသွားလာမှု အခက်အခဲဖြစ်ပေါ်လျက်ရှိသော ခရီးသည်များနှင့် ကုန်စည်များအား တပ်မတော်(ရေ)မှ ကမ်းထိုးရေယာဉ်များဖြင့် ကူညီပို့ဆောင်လျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ သံမဏိကြိုးဆိုင်းများပြုတ်၍ မြောင်းမြမြစ်အတွင်းသို့ ပြုတ်ကျသွားသော မြောင်းမြကြိုးတံတားအား ပြန်လည်ဆယ်တင်ခြင်းလုပ်ငန်းများကို ဧပြီ ၁၁ ရက်မှစ၍ ရေတပ်ပင်မရေငုပ်နှင့် ဆယ်ယူရေးတပ်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် နယ်မြေခံတပ်များမှ အရာရှိ၊ စစ်သည်များ၊ ဆောက်လုပ် ရေးဝန်ကြီးဌာနတို့မှ ပူးပေါင်း၍ မြောင်းမြကြိုးတံတားဆယ်ယူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ သွားလာရေးအဆင်ပြေစေရန် လပ္ပတ္တာ-ရန်ကုန်၊ မြောင်းမြ-ရန်ကုန်၊ မြောင်းမြ-ပုသိမ် ခရီးစဉ်၌ အခက်အခဲဖြစ်ပေါ်လျက်ရှိသော ခရီးသွားပြည်သူများ အား တပ်မတော်(ရေ)မှ ကမ်းထိုးရေယာဉ်များဖြင့် ကူညီပို့ ဆောင်ပေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)