Media
တရုတ်နိုင်ငံကိုယ်စားလှယ်က ဂါဇာတွင် ချက်ချင်း ရေရှည် အပစ်ရပ်ရန် အပြင်းအထန် တောင်းဆို
ကုလသမဂ္ဂ၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)
ဂါဇာကမ်းမြောင်ဒေသတွင် ရေရှည်အပစ်ရပ်ရေးကို ချက်ချင်းဖော်ဆောင်ရန် အပြင်းအထန် တောင်းဆိုကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ဇွန် ၃၀ ရက် လုံခြုံရေးကောင်စီ၏ ပါလက်စတိုင်း-အစ္စရေးအရေး တံခါးဖွင့်ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
ဖုချုံးက လက်ရှိ အရှေ့အလယ်ပိုင်းဒေသသည် ပြင်းထန်သည့်ကစဉ့်ကလျားအဖြစ်သို့ ကျဆင်းလျက်ရှိကြောင်း ပြောကြားခဲ့သည်။ အစ္စရေးနှင့် အီရန်သည် ထိလွယ်ရှလွယ်ဖြစ်သည့် အပစ်ရပ်ရေးသဘောတူညီချက်ကို မကြာသေးမီကမှ ရရှိထားခါစတွင် လက်ဘနွန် တောင်ပိုင်းကို တိုက်ခိုက်ခြင်းကြောင့် လူသေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ကြောင်း၊ တစ်ချိန်တည်းတွင်ပင် ပါလက်စတိုင်းပြည်သူများ၏ ဒုက္ခအခက်အခဲများသည် ဆက်လက်ဆိုးရွားလျက်ရှိကြောင်း၊ ပါလက်စတိုင်းပြည်သူများသည် ဝမ်းနည်းကြေကွဲဖွယ်အဖြစ်များနှင့် ကြုံတွေ့ခြင်းသည် နိုင်ငံတကာ တရားမျှတမှုနှင့် သမာသမတ်ကျမှုကို လှုပ်ခတ်စေသလို လူသားမျိုးနွယ်တို့၏ ကိုယ်ကျင့်တရားနှင့်အသိစိတ်ကို မေးခွန်းထုတ်ခဲ့ကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဤကဲ့သို့သော ဒုက္ခဆင်းရဲဆက်လက် ဖြစ်ပွားမှုကို လုံးဝခွင့်မပြုသင့်ကြောင်းနှင့် အရေးပေါ်လှုပ်ရှားမှုများ လုပ်ဆောင်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
စစ်ရေးနည်းလမ်းက ရေရှည်ငြိမ်းချမ်းရေးကို မည်သို့မျှ ဖော်ဆောင်နိုင်မည် မဟုတ်ဘဲ စစ်ပွဲ သက်ဆိုးရှည်ခြင်းသည် သေဆုံးဒဏ်ရာရမှုများ ပို၍ ဖြစ်ပွားစေမည်သာဖြစ်ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။
အပစ်ရပ်ရေး စေ့စပ်ဆွေးနွေးမှုနှင့် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းကသာ ပြဿနာဖြေရှင်းသည့် မှန်ကန်သော ထွက်လမ်း ဖြစ်ကြောင်း၊ ဂါဇာရှိ စစ်ရေးလှုပ်ရှားမှုမှန်သမျှကို အစ္စရေးက ချက်ချင်းရပ်တန့်ရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း၊ သက်ဆိုင်သူများအပေါ် အဓိက ဩဇာလွှမ်းမိုးမှုရှိသော နိုင်ငံများက တရားမျှတ၍ တာဝန်ယူမှုရှိသော သဘောထားကို လက်ကိုင်ထားကာ အပစ်ရပ်ရေး တွန်းအားပေးရန်အတွက် လက်တွေ့ကျသည့် လှုပ်ရှားမှုများ ဆောင်ရွက်သင့်ကြောင်း ဂါဇာဒေသ၏ လူသားချင်းစာနာမှုကပ်ဘေးသည် အလွန့်အလွန် အန္တရာယ်များ အရေးကြီးလျက်ရှိကြောင်း၊ အစ္စရေးအနေဖြင့် သိမ်းပိုက်ထားသူဘက်က နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတာဝန်များကို ထမ်းဆောင်ရမည် ဖြစ်ပြီး ဂါဇာဒေသအား ပိတ်ဆို့မှုကို ချက်ချင်းဖျက်သိမ်းကာ လူသားချင်းစာနာမှုအထောက်အပံ့ပစ္စည်းများ ဝင်ရောက်ရန် ဘက်စုံ ပြန်လည်ဆောင်ရွက်ရမည် ဖြစ်သလို ကုလသမဂ္ဂ စသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဌာနများ၏ လုပ်ငန်းများကို အားပေးထောက်ခံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပြုရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အစ္စရေးသည် ဂျော်ဒန်မြစ် အနောက်ဖက်ကမ်းတွင် အတည်တကျနေထိုင်ရေးမူဝါဒများ ဆက်လက် တွန်းအားပေးလုပ်ဆောင်လျက်ရှိကြောင်း၊ သက်ဆိုင်ရာလုပ်ရပ်များသည် နိုင်ငံတကာဥပဒေနှင့် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ချိုးဖောက်ခြင်းဖြစ်ပြီး ပါလက်စတိုင်း လွတ်လပ်သောနိုင်ငံ တည်ဆောက်ရေး အခြေခံကို ကျူးကျော်တိုက်စားခြင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အစ္စရေးက အနောက်ဖက်ကမ်းသို့ တိုက်ခိုက်မှုများနှင့် အတည်တကျနေထိုင်ရေးလှုပ်ရှားမှုများကို ရပ်တန့်ရန်၊ အတည်တကျနေထိုင်သူများ၏ အကြမ်းဖက်မှုကို တားဆီးရန်၊ ပါလက်စတိုင်းဘဏ်အပေါ် ကန့်သတ်ချက် အစီအမံများကို ဖျက်သိမ်းရန် တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။
ပါလက်စတိုင်းအရေးသည် အရှေ့အလယ်ပိုင်းအရေး၏ ဗဟိုအချက်အချာဖြစ်ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။
“နှစ်နိုင်ငံ ဖြေရှင်းရေး နည်းလမ်း” ကို ဖော်ဆောင်ခြင်းသည် ပါလက်စတိုင်းအရေးကို ဖြေရှင်းရန် တစ်ခုတည်း ဆောင်ရွက်နိုင်သော လမ်းကြောင်း ဖြစ်ကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စည်းလုံးညီညွတ်မှုကို အားဖြည့်ကာ “နှစ်နိုင်ငံ ဖြေရှင်းရေး နည်းလမ်း” နိုင်ငံရေးဖြစ်စဉ်ကို တွန်းအားပေးရန်အတွက် အားပေးထောက်ခံမှုနှင့် အာမခံမှု အတူတကွ ပံ့ပိုးပေးသင့်ကြောင်း၊ ပါလက်စတိုင်းများအား ပစ်မှတ်ထားသည့် အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းမှုကို အခိုင်အမာ ဆန့်ကျင်ရမည် ဖြစ်သလို ဂါဇာဒေသနှင့် အနောက်ဖက်ကမ်းကို ဝါးမြိုမည့် အန္တရာယ်များသော ကြံစည်မှုကို ဆန့်ကျင်ရမည် ဖြစ်ကြောင်း၊ “နှစ်နိုင်ငံ ဖြေရှင်းရေး နည်းလမ်း” ဖော်ဆောင်ရေး အဆင့်မြင့်အစည်းအဝေးကို ဆောလျင်စွာ ပြန်လည်စတင်ရန် တရုတ်နိုင်ငံက မျှော်လင့်ကြောင်း၊ ဂါဇာစစ်မက်မီးလျှံငြှိမ်းသတ်ရန်၊ လူသားချင်းစာနာထောက်ထားမှုကပ်ဘေးပြေလျော့ရန်၊ “နှစ်နိုင်ငံ ဖြေရှင်းရေး နည်းလမ်း” ဖော်ဆောင်ရန်၊ ပါလက်စတိုင်းအရေး ဘက်စုံတရားမျှတစွာ ရေရှည်ဖြေရှင်းမှုကို ဖော်ဆောင်နိုင်ရန် တရုတ်နိုင်ငံသည် နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အတူ ဆက်လက်၍ မဆုတ်မနစ် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)