Connect with us

Asia

ဂျပန်နိုင်ငံ အိုဆာကာ၌ ပြင်းအား ၆.၁ ပမာဏရှိ ငလျင်လှုပ် ၊ သုံးဦးသေဆုံးပြီး ၁ဝ ဦးဒဏ်ရာရ

ဂျပန်နိုင်ငံ အိုဆာကာ၌ ငလျင်ဒဏ်သင့်ပြီး မီးလောင်ကျွမ်းနေသော အဆောက်အဦတစ်လုံးကို တွေ့ ရစဉ် (ဓာတ်ပုံ-အင်တာနက်)

တိုကျို ၊ ဇွန် ၁၈ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံ အနောက်ပိုင်း အိုဆာကာပြည်နယ်၌ ယနေ့(ဇွန် ၁၈) ရက် နံနက်ပိုင်းတွင် အင်အားပြင်းထန်သော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ အသက် ၉ နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအဝင် လူ သုံးဦးသေဆုံးပြီး အခြားလူ ၁ဝ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက အတည်ပြုပြောကြားခဲ့သည်။

ဂျပန်နိုင်ငံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဝန်ကြီးဌာန ဝန်ကြီး Hachiro Okonogi က အဆောက်အအုံပြိုကျမှုအတွင်း ပိမိနေသူ သုံးဦး သေဆုံးခဲ့ကြောင်း နှင့် ဒေသဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့ဝင်များက အခင်းဖြစ်နေရာ၌ ကယ်ဆယ်ရေးများ ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

ဂျပန်ပြည်တွင်းသတင်းဌာနများ၏ ဖော်ပြချက်အရ ငလျင်ကြောင့် ဂတ်စ်ဓာတ်ငွေ့ပိုက်များပေါက်ထွက်ခြင်း နှင့် မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ၊ လူပေါင်းများစွာ ဓာတ်လှေကားအတွင်းပိတ်မိနေသည်ဟု ယုံကြည်ရကြောင်း ဒေသဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင်များက ဆိုသည်။

ငလျင်ကြောင့် ဆူနာမီသတိပေးချက် နှင့် အကြံပြုချက် ထုတ်ပြန်ထားခြင်းမရှိကြောင်း ဂျပန်နိုင်ငံမိုးလေဝသအေဂျင်စီ(JMA) က ဆိုသည်။ အဆိုပါငလျင်သည် ပြင်းအား ၆.၁ အဆင့်ရှိပြီး ဒေသစံတော်ချိန် နံနက် ၇ နာရီ ၅၈ မိနစ်တွင် လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

အိုဆာကာရှိ လူနေအိမ်ပေါင်း ၁၇ဝ,ဝဝဝ ကျော် လျှပ်စစ်မီးပြတ်တောက်သွားခဲ့ကြောင်း နှင့် အနီးအနားပြည်နယ်ဖြစ်သည့် Hyogo ပြည်နယ်မှ လျှပ်စစ်မီးများကို ငလျင်ဒဏ်ခံရသည့် အိုဆာကာပြည်နယ်သို့ထောက်ပံ့ပေးပို့ထားကြောင်း Kansai လျှပ်စစ်ကုမ္ပဏီ၏ပြောကြားချက်အရ သိရသည်။ အိုဆာကာ ဂတ်စ်ဓာတ်ငွေ့ကုမ္ပဏီက မီးလောင်ကျွမ်းမှု မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်မှုအဖြစ် ပြည်နယ်အတွင်းရှိ လူနေအိမ်ပေါင်း ၁ဝ၈,ဝဝဝ ခန့်ကို ဂတ်စ်ပေးပို့မှု ယာယီရပ်ဆိုင်းထားကြောင်း ဆိုသည်။

ဂျပန်နိုင်ငံအလယ်ပိုင်းရှိ Takahama ၊ Mihama နှင့် Oi နျူကလီးယားဓာတ်ပေါင်းဖိုများတွင် ပုံမှန်အခြေအနေမဟုတ်သော အနေအထား မရှိကြောင်း Kansai လျှပ်စစ်ကုမ္ပဏီက ပြောကြားခဲ့ပြီး အနီးပတ်ဝန်းကျင်ရှိ Fukui ပြည်နယ်တွင် လည်ပတ်နေသည့် နျူကလီးယားဓာတ်ပေါင်းဖို ၁၅ လုံးမှာလည်း ပုံမှန်အတိုင်း လည်ပတ်နေကြောင်း တာဝန်ရှိသူများက ဆိုသည်။ငလျင်လှုပ်ခတ်သွားသော ဂျပန်နိုင်ငံ အနောက်ပိုင်း အိုဆာကာပြည်နယ်တွင် နောက်ထပ်ငလျင်များလှုပ်ခတ်နိုင်ကြောင်း ကျွမ်းကျင်သူပေါင်းများစွာက ခန့်မှန်းထားကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.