Connect with us

Europe

အီရန် နျူကလီးယားဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးအဆင့် ဆွေးနွေးပွဲကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ တက်ရောက်

တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ရိနှင့် အီးယူနိုင်ငံခြားရေးနှင့်လုံခြုံရေးဆိုင်ရာ မူဝါဒရေးရာ အဆင့်မြင့် ကိုယ်စားလှယ်Federica Mogheriniတို့ တွေ့ဆုံစဉ် (ဆင်ဟွာ)

ဗီယင်နာ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိက ဗီယင်နာတွင် ကျင်းပ သည့် အီရန်နျူကလီးယားဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးအဆင့် ဆွေးနွေးပွဲကို ပါဝင်တက်ရောက် ခဲ့ သည်။ အဆိုပါ ဆွေးနွေးပွဲတွင် ဥရောပသမဂ္ဂ(အီးယူ) နိုင်ငံခြားရေးနှင့်လုံခြုံရေးဆိုင်ရာ မူဝါဒရေးရာ အဆင့်မြင့် ကိုယ်စားလှယ်Federica Mogheriniက သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး အီရန်၊ ရုရှား၊ ပြင်သစ် ၊ ဂျာမနီ၊ ဗြိတိန်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ ပါဝင် တက်ရောက်ခဲ့ကြသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက အီရန် နျူကလီးယားသဘောတူညီချက်သည် သက်ဆိုင်ရာနိုင်ငံ များ သဘောတူလက်မှတ်ရေးထိုးထားပြီး ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ စိစစ်ခွင့်ပြုချက်ကို ရရှိပြီးဖြစ်ရာ ၎င်းမှာ ဘက်ပေါင်းစုံပူးပေါင်းပါဝင်သည့် အရေးပါသည့်အောင်မြင်မှု ရလဒ်ဖြစ်သလို ငြိမ်းချမ်းစွာဖြင့် ပဋိပက္ခများကို ဖြေရှင်းသည့် စံနမူနာလည်း ဖြစ်ကြောင်း၊ အဆိုပါ သဘောတူညီချက် မှာ အီရန်နျူကလီးယား အန္တရာယ်ကို ပြေလျော့သွားနိုင်ရုံသာမက နိုင်ငံတကာ နျူကလီးယားမပြန့်ပွား ရေး စာချုပ်ကို ထိန်းသိမ်းရာတွင် အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ပါဝင်ကြောင်းကို ၃ နှစ်ကြာ ကာလအတွင်းတွင် လက်တွေ့သာဓကပြပြီးဖြစ်ကြောင်း၊ ထိုသဘောတူညီချက်ကို ထိန်းသိမ်းလိုက်နာဆောင်ရွက်ခြင်းသည် နိုင်ငံတကာဥပဒေ၊ ကမ္ဘာ့ကုလသမဂ္ဂ၏အခွင့်အာဏာ၊ နိုင်ငံတကာနျူကလီးယား မပြန့်ပွားရေးစာချုပ်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် တရုတ်နိုင်ငံအနေဖြင့် အီရန်နျူကလီးယားသဘောတူညီချက်ကို မပြောင်းမလဲ ခိုင်ခိုင်မာမာ ထိန်းသိမ်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေအရ ဘက်ပေါင်းစုံကလည်း အဆိုပါ သဘောတူညီချက်များကို စည်းစည်းလုံးလုံးလိုက်နာပူးပေါင်းဆောင်ရွက်ပြီး တရားမဝင် တဖက်သတ် ပိတ်ဆို့မှုများကို ဆန့်ကျင်ကန့်ကွက်ကာ အမှန်တရားဘက်မှရပ်တည်သင့်ကြောင်း ဝမ်ရိက ပြောကြားခဲ့ပါသည်။

ဆွေးနွေးပွဲကို ပါဝင်တက်ရောက်သည့် ကိုယ်စားလှယ်များကလည်း အီရန်နျူကလီးယား သဘော တူညီချက်သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ စိစစ်ခွင့်ပြုချက်ကို ရရှိထားသည့် နိုင်ငံတကာ သဘောတူညီချက်ဖြစ်သောကြောင့် စောင့်ထိန်းလိုက်နာ ဆောင်ရွက်သင့်ကြောင်း ၊ အမေရိကန်က သဘောတူညီချက်မှ နှုတ်ထွက်ပြီး တဖက်သတ်ပိတ်ဆို့မှုများကို လုပ်ဆောင်နေခြင်းမှာ မိမိ၏ကတိကို ချိုးဖောက်ရာရောက်သလို နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း ၊ လက်ရှိအခြေအနေ တွင် ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်မှုကို လက်ကိုင်ထားပြီး ဆွေးနွေးညှိနှိုင်းမှုကို တိုးမြှင့်ဆောင်ရွက် သင့်ကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ ဝန်ကြီးအဆင့်ဆွေးနွေးပွဲတွင် ပူးတွဲကြေညာချက်အား အတည်ပြုခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.