Latin America
မက္ကဆီကိုသမ္မတ သည် လစာ၏ သုံးပုံတစ်ပုံကို နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် ပြန်လည်ပေးအပ်
မက္ကဆီကို စီးတီး၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)
မက္ကဆီကိုနိုင်ငံ သမ္မတ အန်ဒရီစ် မနျူရယ် လိုပက်ဇ် အိုဘရာဒေါ (Andres Manuel Lopez Obrador) သည် ၎င်း၏ လစာ သုံးပုံတစ်ပုံ ကို နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် ဒီဇင်ဘာ ၁၈ ရက်တွင် ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
လိုပက်ဇ်သည် ဒီဇင်ဘာ ၁ရက်နေ့တွင် သမ္မတရာထူးအား လက်ခံခဲ့ပြီး ၎င်း၏ လုပ်ခလစာကို ဖြတ်တောက်ခြင်းအပါအဝင် အများပြည်သူအသုံးစရိတ်များကို လျှော့ချသွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။ ၎င်းသည် ပထမ နှစ်ပါတ်အတွင်း ရရှိသည့် လစာ၏ ၂၉ရာခိုင်နှုန်းကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစာရှင်းလင်းပွဲတစ်ခု၌ လိုပက်ဇ် က ၎င်း၏ ခြိုးခြံချွေတာရေးအစီအစဉ် နှင့် လိုက်လျောညီထွေရှိစေရန် လုပ်ခလစာသည် မက္ကဆီကို ငွေကြေး ၁၀၈,၀၀၀ ပီဆို (အမေရိကန်ဒေါ်လာ ၅,၃၇၃ဒေါ်လာ) ခန့်သာ ရှိသင့်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
သမ္မတ အနေဖြင့် လက်ရှိ ဥပဒေအရ လစာ ၇၆,၁၅၉ ပီဆို နှင့် ၅၉ ဆင့် ရရှိပြီး ၂၂,၃၁၃ပီဆို နှင့် ၂၉ ဆင့်အား ပြန်လည်ပေးအပ်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
လိုပက်ဇ်က အထက်တရားရုံးမှ တရားသူကြီးများအပါအဝင် အခြားသော ထိပ်တန်း ပြည်သူ့ဝန်ထမ်းများကိုလည်း ၎င်းတို့၏ မတန်တဆလစာများကို စွန့်လွှတ်ရန် တိုက်တွန်းခဲ့သည်။
၎င်းက မက္ကဆီကိုနိုင်ငံတွင် ကာလရှည်တည်ရှိခဲ့သော ဗျူရိုကရေစီစနစ် အဆုံးသတ်သင့်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံ၏ ကြွေးမြှီပမာဏသည် ၂၀၁၆ခုနှစ်တွင် GDP ၏ ၄၈.၂ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သော်လည်း ၂၀၁၇ခုနှစ်တွင် ၄၅.၄ရာခိုင်နှုန်း သို့ အနည်းငယ် လျော့ကျခဲ့ကြောင်း သိရသည်။ (Xinhua)