Sino-Myanmar
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ အစီအစဉ်ဖြင့် ခွာနာလျှာနာရောဂါအား စစ်ဆေးခြင်းဆိုင်ရာ သင်တန်းအား မြန်မာနိုင်ငံတွင် ဖွင့်လှစ်
ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ)
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ အစီအစဉ်ဖြင့် ကျင်းပသည့် ခွာနာလျှာနာရောဂါအား Molecular နှင့် Serological နည်းပညာများဖြင့် စစ်ဆေးခြင်းဆိုင်ရာ သင်တန်းကို မတ်လ ၂၄ ရက်နေ့ မြန်မာနိုင်ငံ၊ ရွှေမြို့ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတွင် ကျင်းပခဲ့ကြောင်း မတ် ၂၅ ရက်ထုတ် နိုင်ငံပိုင်ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။
အဆိုပါသင်တန်းကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၄) အစီအစဉ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့နိုင်ငံမှာ တိရစ္ဆာန်တွေက ခွါနာလျှာနာဖြစ်ပွားတဲ့ အန္တရာယ်က အမြဲတမ်းရှိပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံက ပညာရှင်တွေနဲ့ ပူးပေါင်းပြီး ဒီရောဂါကို သမာရိုးကျနည်းပညာများအပြင် ခေတ်မီနည်းပညာတွေဖြစ်တဲ့ ခေတ်မီနည်းပညာတွေဖြစ်တဲ့ Molecular နဲ့ Serological နဲ့ သွေးရည်ကို အခြေခံတဲ့ နည်းပညာတွေကို လေ့လာသင်ယူရတာဖြစ်တယ်။ ရောဂါရှာဖွေတာကို နှစ်နိုင်ငံပညာရှင်တွေက အပြန်အလှန် ဖလှယ်ပြီးတော့ သင်ယူပို့ချခြင်းအားဖြင့် လတ်တလော မြန်မာနိုင်ငံမှာ ထူထောင်နေတဲ့ ခွါနာလျှာနာထိန်းချုပ်ခြင်းလုပ်ငန်းတွေ၊ ခွါနာလျှာနာကင်းရှင်းရေးဇုန်တွေတည်ထောင်ရာမှာ အထောက်အကူပြုပြီး ပိုမိုမြန်ဆန်တိကျတဲ့ ရောဂါရှာဖွေမှုကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်” ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမင်းသိန်းမော်က ဆင်ဟွာသို့ မတ် ၂၅ ရက်တွင်ပြောသည်။
ထိုသို့ သင်တန်းပို့ချခြင်းအားဖြင့် ရိုးရိုးစစ်ဆေးမှုအဆင့်မှသည် တိကျမှုမြင့်မားသည့် Molecular နှင့် သွေးရည်ကြည် (Molecular and Serological) စစ်ဆေးမှုများသို့ ကူးပြောင်းနိုင်ရန်၊ ဒေသတွင်း တညီတညွတ်တည်းဖြစ်စေရန်၊ ဓာတ်ခွဲခန်းမှ ထွက်ပေါ်လာသည့် ရလဒ်များသည် မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံအားလုံးက လက်ခံသည့် နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီစေရန်၊ ရောဂါကြိုတင်သတိပေးစနစ်ကို အားကောင်းစေရန် ဝန်ထမ်းများအနေဖြင့် FMD မျိုးဗီဇအမျိုးအစားများကို လျင်မြန်စွာ ခွဲခြားနိုင်ခြင်းအားဖြင့် ရောဂါပြန့်ပွားမှုကို အချိန်မီတားဆီးနိုင်ပြီး တိရစ္ဆာန်ပေါင်းများစွာ ကူးစက်ခံရခြင်းမှ ကာကွယ်ပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။
သင်တန်းကို မတ်လ ၂၄ ရက်မှ ၂၈ ရက်အထိ ငါးရက်ကြာ သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသား ၁၀ ဦး တက်ရောက်လျက်ရှိကြောင်း ဒေါက်တာမင်းသိန်းမော်က ပြောကြားခဲ့သည်။.(Xinhua)
