Connect with us

Environment, Disasters & Accidents

၂၀၃၀ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ ကျွဲ၊ နွားများ ဖြစ်ပွားတတ်သော ခွါနာလျှာနာဖြစ်ပွားမှု ကင်းစင်စေရန် မျှော်မှန်း၍ ဆောင်ရွက်လျက်ရှိ

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ၌ ကျွဲ၊ နွားများအား ပေါင်ပုပ်၊ လက်ပုပ်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် မေထုန်မဲ့ သားစပ်ဆေးထိုးခြင်းများ ကွင်းဆင်းဆောင်ရွက်စဉ် (ဓာတ်ပုံ-- ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

၂၀၃၀ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ ကျွဲ၊ နွားများ ဖြစ်ပွားတတ်သော ခွါနာလျှာနာဖြစ်ပွားမှု သုည ဖြစ်စေရန် မျှော်မှန်း၍ ခွါနာလျှာနာ ကင်းရှင်းရေးဇုန် များ ဆောင်ရွက်လျက်ရှိပြီး ဇူလိုင် ၁၁ ရက်မှ ၁၇ ရက်အတွင်း မြန်မာတစ်နိုင်ငံလုံး တိရစ္ဆာန်ကူးစက်ရောဂါထိန်းချုပ်ရေးရက်သတ္တပတ် အား စီမံချက်ချဆောင်ရွက်လျက်ရှိကြောင်း လယ်ယာစိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမင်းသိန်းမော် က ဆင်ဟွာသို့ ယနေ့ ဇူလိုင် ၁၂ ရက်တွင်ပြောသည်။ဒေါက်တာမင်းသိန်းမော်က “ခွါနာ၊လျှာနာဆိုတာ တိရစ္ဆာန်တွေမှာ ကူးစက်တတ်တဲ့ဗိုင်းရပ်စ်ရောဂါမျိုးဖြစ်တယ်။ မကြာခဏလည်း တွေ့ရှိတဲ့ရောဂါဖြစ်တယ်။ နယ်စပ်ကုန်သွယ်ရေးတွေအတွက်ဆိုရင် ခွါနာလျှာနာက ဦးစားပေးထိန်းချုပ်ရမယ့် ရောဂါဖြစ်တယ်။ ခွါနာလျှာနာရောဂါဖြစ်ပွားမှုလျှော့ချဖို့အတွက် အမျိုးသားအဆင့် ခွါနာ၊လျှာနာ ထိန်းချုပ်ရေး စီမံကိန်းကြီးရေးဆွဲထားတာရှိပါတယ်။ အဲဒီစီမံကိန်းက ၂၀၃၀ပြည့်နှစ်မှာ မြန်မာနိုင်ငံမှာ ခွါနာလျှာနာဖြစ်ပွားမှု သုည ဖြစ်ဖို့ မျှော်မှန်းဆောင်ရွက်တယ်။ ဘယ်ဒေသတွေမှာ ခွါနာ၊လျှာနာ အဖြစ်များလဲဆိုတာကို ကျွန်တော်တို့ ရောဂါထောက်လှမ်းစူးစမ်းခြင်းလုပ်ငန်းတွေဆောင်ရွက်တယ်။ ရောဂါစူးစမ်းဖော်ထုတ်တဲ့အခါ နှစ်မျိုးသိရတယ်။ ရောဂါဖြစ်ပွားခဲ့တဲ့ ဒေသတွေကို သိနိုင်သလို ရောဂါကင်းစင်တဲ့ ဒေသတွေကိုလည်း သိနိုင်တယ်။ အဲဒီလို ကင်းစင်တဲ့ဒေသတွေဆိုရင် ရောဂါကင်းရှင်း ကြောင်း ကျွန်တော်တို့က ထုတ်ပြန်တယ်။ရောဂါဖြစ်ပွားတဲ့ဒေသတွေဆိုရင် ကာကွယ်ဆေးတွေထိုးပြီး ရောဂါဖြစ်ပွားမှုလျှော့ချဖို့ ကျွန်တော်တို့ဆောင်ရွက်နေပါတယ်။” ဟုပြောသည်။

အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်ဒေသ၌ ခွါနာလျှာနာ ကင်းရှင်းရေးဇုန် တည်ထောင်ပြီး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ခွါနာလျှာနာ ကင်းရှင်းရေးအတွက် ကာကွယ်ဆေးထိုးပြီး ခွါနာ၊လျှာနာ ကင်းရှင်းရေးလုပ်ငန်းစဉ်ကိုဆောင်ရွက်ပါတယ်။ အဲဒီမှာရှိတဲ့ ကျွဲနွားတွေရဲ့ ၉၉ ရာခိုင်နှုန်းကို မဖြစ်မနေ ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်းတွေဆောင်ရွက်ပါတယ်။ အဲဒါကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း နယ်စပ်ကုန်သွယ်ရေးအတွက် လုပ်တဲ့ ရောဂါကင်းရှင်းရေးဇုန်ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးနဲ့မန္တလေးတိုင်းဒေသကြီး တို့က မြို့နယ် ၂၄ မြို့နယ်မှာ ခွါနာလျှာနာ ရောဂါကာကွယ်ဆေးထိုးနှံပြီး ရောဂါထိန်းချုပ်ရေးဇုန် ထူထောင်ထားပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ထို့ပြင် ပြည်ထောင်စုနယ်မြေနေပြည်တော် ဧရိယာတွင်လည်း ခွါနာလျှာနာ ထိန်းချုပ်ရေးဧရိယာအဖြစ် သတ်မှတ်ပြီး ပြည်ထောင်စုနယ်မြေအတွင်း ကျေးရွာများတွင် ခွါနာ၊လျှာနာ ကာကွယ်ဆေးထိုးသော လုပ်ငန်းစဉ်အား ဆောင်ရွက်လျက်ရှိကြောင်း၎င်းကဆိုသည်။

ဒေါက်တာမင်းသိန်းမော်က “ကျွန်တော်တို့ ဇူလိုင် ၁၁ ရက်ကနေ ဇူလိုင် ၁၇ ရက်အထိဆိုရင် တိရစ္ဆာန်ကူးစက်ရောဂါထိန်းချုပ်ရေး အတွက် အရှိန်အဟုန်နဲ့ ဆောင်ရွက်နေတဲ့ ရက်သတ္တပတ်ဖြစ်ပါတယ်။ပုံမှန် လုပ်ငန်းစဉ် အပြင် ကာကွယ်ဆေးထိုးနှံတာတွေ လည်းတိုင်းဒေသကြီးနဲ့ ပြည်နယ်အနှံ့မှာ တစ်ပြိုင်တည်းဆောင်ရွက်နေပါတယ်။ အရေးပေါ်တုန့်ပြန်ရေးအဖွဲ့တွေ ဖွဲ့စည်းပြီး ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွေကိုလည်း အထူးဆောင်ရွက်လျက်ရှိပါတယ်။ ”ဟု ဆက်ပြောသည်။

တိရစ္ဆာန်များတွင် ခွါနာ၊လျှာနာ ဖြစ်ပွားခြင်းရှိမရှိအား သွားရည်ကျခြင်း၊လျှာ၊ ပါးစပ်၊ သွားဖုံးတွင် အနာ အရည်ကြည်ဖုများပေါက်ခြင်း၊ ခွါများတွင် အရည်ကြည်ဖုပေါက်၍ လမ်းသွားသည့်အခါ ထော့နဲ့ထော့နဲ့ဖြစ်သော လက္ခဏာများ ပေါ်မူတည်၍ သိရှိနိုင်ကြောင်း သိရသည်။

၎င်းကပဲ “ ၂၀၃၀ပြည့်နှစ်မှာ ကျွဲ၊ နွားတွေမှာ ဖြစ်ပွားတတ်တဲ့ ခွါနာလျှာနာဖြစ်ပွားမှု သုည ဖြစ်စေဖို့ မျှော်မှန်းပြီးတော့ ရောဂါထိန်းချုပ်ရေးဇုန်များတိုးချဲ့ထူထောင်ပြီး ထိန်းချုပ်ဖို့ ရည်မှန်းထားပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့အခါမှာ ကာကွယ်ဆေးထိုးခြင်း၊ ရောဂါစူးစမ်းထောက်လှမ်းမှုများဆောင်ရွက်ခြင်း၊ တိရစ္ဆာန်များ ကူးသန်းသွားလာမှုအား ထိန်းချုပ်ခြင်းတို့ကိုဆောင်ရွက်ခြင်း၊ ပြည်သူလူထု အသိပညာပေးခြင်းများဆောင်ရွက်ခြင်း၊ ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်နဲ့အညီ ဇီဝလုံခြုံရေးကောင်းမွန်စွာမွေးမြူဖို့ အတွက်လည်း ကျွန်တော်တို့ ဌာနအနေနဲ့ အထူးအလေးပေးဆောင်ရွက်နေပါတယ်”ဟု ပြောသည်။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.