Sino-Myanmar
၂၀၂၆ ခုနှစ် တရုတ်-မြန်မာ သိုင်းပညာ ဖလှယ်ရေး ဆွေးနွေးပွဲ မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကျင်းပ
ရန်ကုန်၊ ဧပြီ ၂ ရက် (ဆင်ဟွာ)
၂၀၂၆ ခုနှစ် တရုတ်-မြန်မာ သိုင်းပညာ ဖလှယ်ရေး ဆွေးနွေးပွဲကို မတ်လ ၃၁ ရက်က မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကျင်းပရာ နှစ်နိုင်ငံ စာပေနှင့်အားကစား၊ ပညာရေး၊ ဗုဒ္ဓဘာသာ၊ ကုမ္ပဏီလုပ်ငန်း စသည့် နယ်ပယ်များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး သံမှူး လီချန်းကော်၊ မြန်မာနိုင်ငံ ဝူရှူးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသစ္စာ (ခေါ်) Mr. Li Bo Bo ၊ ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာ တာဝန်ခံ ရှန့်ကျန့်ပေါ၊ မြန်မာနိုင်ငံ စာရေးဆရာများအသင်း ဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) ၊ စာရေးဆရာ ဦးမင်းမင်းထိုက်၊ တရုတ်-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးအသင်း (CMECD) ဥက္ကဋ္ဌ လီဖုချွမ်၊ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (Myanmar–ISIS) မှ ဝါရင့်သုတေသီ ဦးသန့်ထက်ဆင့်နှင့် တရုတ်စာသင်ကျောင်းအချို့မှ ကိုယ်စားလှယ်များက တရုတ်-မြန်မာ ချစ်ကြည်ရေး မြှင့်တင်ရန်အတွက် သိုင်းပညာ၏ အပြုသဘောဆောင်သော အခန်းကဏ္ဍမှ စဉ်ဆက်မပြတ်ပါဝင်မှုကို ဆွေးနွေးပြောကြားခဲ့သည်။
ဆွေးနွေးပွဲတွင် “International Taiji Day” အထိမ်းအမှတ်ဗီဒီယိုကို ပြသခဲ့ပြီး ဟဲနန်ပြည်နယ် Shaolin Kung Fu Chan Academy ၊ YuDe Education Center နှင့် Myanmar International Education Center (MIEC)တို့မှ နည်းပြသုံးဦးက ရှောင်လင်ကွန်ဖူး Yi Jin Jing ၊ Bajiquan နှင့် ဝူရှူးသိုင်း အခြေခံပညာရပ်များကို သရုပ်ဖော်ပြသခဲ့ရာ တက်ရောက်လာသူများ၏ တစ်ခဲနက် အားပေးမှုကို ရရှိခဲ့သည်။
အဆိုပါနှီးနှောဖလှယ်ပွဲတွင် မြန်မာလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် AUNG GYI Group of Companies (AGGC) ဥက္ကဋ္ဌနှင့် တရုတ်-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးအသင်း (CMECD) ဒုတိယအမှုဆောင်ဥက္ကဋ္ဌ ဦးအောင်သူက တရုတ်သိုင်းပညာနှင့် တရုတ်ယဉ်ကျေးမှုကို မြန်မာနိုင်ငံတွင် စတင်ထိတွေ့ခဲ့ရပုံ ၎င်း၏အတွေ့အကြုံများအား မျှဝေပေးခဲ့သည်။
“ကျွန်တော့်အတွက် ပြောရမယ်ဆိုရင် တရုတ်ယဉ်ကျေးမှုနဲ့ စတင်ထိတွေ့တာက ဂန္ထဝင် စာပေကြီးတွေမဟုတ်ပါဘူး။ တရုတ်ရုပ်ပြကာတွန်း၊ ဘာသာပြန် မြန်မာစာအုပ်တွေထဲက ရှောင်လင်ဘုန်းကြီးကျောင်း၊ ဝူတန်းတောင်၊ ထိုက်ကျီ၊ ပါးကွ၊ သံမဏိလက်ဝါးသိုင်း၊ သူရဲကောင်းသိုင်းသမားတွေရဲ့ ကိုယ်ဖော့ပညာနှင့် ဘုရင့်အပါးက သက်တော်စောင့် ဓားကိုင်သိုင်းသမားတို့ပဲ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
နောက်ပိုင်း တီဗီဖန်သားပြင်၌ “သုံးပြည်ထောင်ခေတ်” က ကွမ်းယွီ (ကွမ်းကုန်း)၊ “သိမ်းငှက်သူရဲကောင်း” က ရန်ကော့နှင့် ရှောင်လုန်နွီ၊ “အနောက်အရပ်သို့ ခရီးသွားခြင်း” က ကောင်းကင်ဘုံကို မွှေနှောက်ခြင်း၊ နီကျား ပင်လယ်မှာ သောင်းကျန်းခြင်း စသည့် သက်ဝင်ထင်ရှားသည့်ပုံရိပ်များကို တွေ့မြင် ကြည့်ရှုရကြောင်း၊ ယင်းက မြန်မာနိုင်ငံတွင် ထမင်းစားပြီး လက်ဖက်ရည် သောက်ကာ စားမြုံ့ပြန်ရသော တူညီသည့် အမှတ်တရများ ဖြစ်ခဲ့သလို ထိုခေတ်က လူအများ တရုတ်သိုင်းကို သိချင်၊ နားလည်ချင်၊ သင်ယူတတ်မြောက်ချင်စိတ်များ အလိုအလျောက်ဖြစ်တည်စေခဲ့ကြောင်း ဦးအောင်သူက ဆိုသည်။
ထို့ကြောင့်ပင် ၎င်းကြီးပြင်းလာပြီး စီးပွားရေးလုပ်ငန်းလုပ်သည့်အချိန်တွင် ငယ်စဉ်အခါက သိုင်းအိပ်မက်ကြောင့်ပင် တရုတ်နိုင်ငံကို ရဲရဲဝံ့ဝံ့သွားခဲ့ကြောင်း ၎င်းက ဆိုသည်။
“အခြားသူတွေ ဂျာမနီ၊ ဂျပန် စတဲ့ စက်ပစ္စည်းတွေ၊ သတ္တုလုပ်ငန်းသုံး ယာဉ်အမှတ်တံဆိပ်တွေကို ကိုယ်စီရွေးချယ်နေကြချိန်၊ အများက သိပ်အကောင်းမမြင် တားဆီးကြတဲ့ကြားက China LiuGong Group နဲ့ လက်တွဲဖို့ ကျွန်တော် ရွေးချယ်ခဲ့ပါတယ်” ဦးအောင်သူက ပြောကြားခဲ့သည်။
ပညာသင်မှ အရောင်းကိုယ်စားလှယ် ဖြစ်သည်အထိသော်လည်းကောင်း၊ ဆိုင်ခွဲများကို ရန်ကုန်မှစ၍ မြန်မာနိုင်ငံရှိ အဓိကမြို့များအထိလည်းကောင်း၊ စင်ကာပူ၊ ထိုင်းနိုင်ငံများအထိ တိုးချဲ့ခဲ့သလို အရှေ့တောင်အာရှမှ အရှေ့အလယ်ပိုင်းအထိလည်းကောင်း တိုးတက်လာခဲ့သည်ဟု ၎င်းက မိတ်ဆက်ပြောကြားခဲ့သည်။
“သိုင်းလောကအိပ်မက်က အစပြုလိုက်တာကနေ နောက်ဆုံး စီးပွားရေးလောကရဲ့တိုက်ပွဲမှာ အခြေခိုင်အောင် ကျွန်တော် ရပ်တည်လာနိုင်ခဲ့ပါတယ်” ဟုလည်း ဦးအောင်သူက အတိတ်အကြောင်းကို ပြန်၍ အောက်မေ့ကာ ပြောကြားခဲ့သည်။
သိုင်းကားကဲ့သို့သော လက်ရာများသည် “ဘာသာစကားနဲ့ ယဉ်ကျေးမှုရဲ့ အတားအဆီးကို ကျော်လွှားစေနိုင်ခြင်းက ၎င်းတို့ရဲ့ အနှစ်သာရတန်ဖိုးဟာ သစ္စာစောင့်သိခြင်း၊ သမာသမတ်ကျခြင်း၊ မေတ္တာတရား ရှိခြင်း၊ ရဲစွမ်းသတ္တိရှိခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ ကြံ့ကြံ့ခိုင်နိုင်ရည်ရှိခြင်း ဆိုတဲ့ ဘုံစံတန်ဖိုးဖြစ်လို့ပါပဲ။ ဒီလိုစိတ်ဓာတ်တန်ဖိုးတွေဟာ မြန်မာယဉ်ကျေးမှုမှာ အလေးထားတဲ့ ‘မေတ္တာနှင့် ဂရုဏာ’၊ ‘ကံ ကံ၏အကျိုး’၊ ‘မိသားစု’ နှင့် ‘စိတ်ဓာတ်ကြံ့ခိုင်မှု’ ဆိုတာတွေနဲ့ အလွန်ပင် တူညီလှပါတယ်” ဟု ၎င်းက မျှဝေပြောကြားခဲ့သည်။
အဆိုပါ နှီးနှောဖလှယ်ပွဲကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၊ မြန်မာနိုင်ငံ ဝူရှူးအားကစားအဖွဲ့ချုပ်နှင့် China Media Group (CMG) တို့မှ ကြီးမှူးကျင်းပခြင်း ဖြစ်ပြီး ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာနှင့် မြန်မာနိုင်ငံ Bowen School စသည့် အဖွဲ့အစည်းများက ပံ့ပိုးကူညီပေးခဲ့ကြသည်။ (Xinhua)

————————
(Chinese Version)
2026年中缅武术交流座谈会在仰光举行
3月31日,2026中缅武术交流座谈会在仰光举行,两国文体、教育、佛教、企业等各界代表出席。
使馆李千国参赞、缅甸武术联合会主席李伯波、仰光中国文化中心主任向剑波、缅甸作家协会主席翁貌、作家敏敏泰、中缅经济合作发展促进会会长李福泉、缅甸战略与国际问题研究所研究员丹泰信和部分华文学校代表等发言,探讨武术为促进中缅友好持续发挥积极作用。座谈会播放“国际太极拳日”宣传片,来自河南少林禅医功夫学院、育德教育中心、缅甸国际教育中心的三位教练展示少林功夫易筋经、开门八极拳、武术基础套路等,收获现场嘉宾阵阵掌声。
座谈会由驻缅甸使馆、缅甸武术联合会、中央广播电视总台主办,得到仰光中国文化中心、缅甸博文学校大力支持。
