Connect with us

Business

မြန်မာနိုင်ငံတွင် ငါး၊ ပုစွန်သားပေါက်ပွားသည့် ရာသီချိန်တွင် ငါးနှင့် သက်ရှိသယံဇာတများ ထိန်းသိမ်းနိုင်ရေးအတွက် ငါးမဖမ်းရကာလနှင့် ငါးမဖမ်းရဧရိယာများသတ်မှတ်

ငါးဖမ်းလှေများကိုတွေ့ရစဉ် (ဓာတ်ပုံ- MOI)

ရန်ကုန်၊ ဧပြီ ၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအနေဖြင့် ငါး၊ ပုစွန်သားပေါက်ပွားသည့်ရာသီချိန်၌ ငါးနှင့် သက်ရှိသယံဇာတများ ထိန်းသိမ်းနိုင်ရေးအတွက် မြန်မာ့ပင်လယ် ငါးလုပ်ငန်းရေပြင်အတွင်းရှိ ငါးဖမ်းကွက်များအတွင်း ကမ်းဝေးငါးဖမ်းရေယာဉ်များကို ဧပြီ ၁ ရက် မှ စတင်ကာ ငါးမဖမ်းရကာလနှင့် ငါးမဖမ်းရဧရိယာများကို ငါးလုပ်ငန်းဦးစီးဌာနက ငါးမဖမ်းရကာလ သုံးလ သတ်မှတ်ဆောင်ရွက်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးညွန့်ဝင်းက ဆင်ဟွာသို့ ယနေ့ ဧပြီ ၂ ရက်တွင် ပြောကြားသည်။

“ငါးရစ်ငါးသန်ဘေးမဲ့ချန်၊ ပုံမှန်စားသုံးမျိုးမသုဉ်း။ ငါးရစ်တစ်ကောင်သုံးလရှောင်၊ ထောင်သောင်းတိုးပွားရေရှည်စား ဆိုတဲ့ဆောင်ပုဒ်နဲ့ အညီ ငါးမျိုးပြုန်းတီးမှုကာကွယ်ဖို့၊ ငါးသယံဇာတတွေ တိုးပွားလာဖို့အတွက် ရည်ရွယ်တဲ့အနေနဲ့ ငါးပေါက်ပွားနိုင်တဲ့ ရာသီမှာ ထိန်းသိမ်းတဲ့အနေနဲ့ အခုလို ဆောင်ရွက်တာဖြစ်ပါတယ်” ဟု ဦးညွန့်ဝင်းက ပြောသည်။

မြန်မာ့ပင်လယ် ငါးလုပ်ငန်းရေပြင်အတွင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသော ကမ်းဝေးငါးဖမ်း ရေယာဉ်များအားလုံးကို ငါးနှင့် သက်ရှိသယံဇာတများ ထိန်းသိမ်းနိုင်ရေးအတွက် ငါးမဖမ်းရကာလနှင့် ငါးမဖမ်းရ ဧရိယာများအတွင်း ဧပြီ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ ငါးဖမ်းဆီး ခြင်းမပြုလုပ်ရန် တားမြစ်ထားပြီး မတ် ၃၁ ရက် နောက်ဆုံးထားရှိ၍ ဆိပ်ကမ်းများသို့ ပြန်လည်ဝင်ရောက်ကြရန် ငါးလုပ်ငန်းဦးစီးဌာနက ညွှန်ကြားထားခဲ့ကြောင်း သိရသည်။
“အခုလို ငါးမဖမ်းရ ရာသီ၊ ငါးမဖမ်းရ ကာလ ညွှန်ကြားချက် ထုတ်ပြန်ချက်များ ဆောင်ရွက်တဲ့အခါမှာ ငါးဖမ်းလှေတွေအနေနဲ့ ဆိပ်ကမ်းကို ပြန်လည်ဝင်ရောက်ရမှာဖြစ်ပါတယ်။ စည်းကမ်းချိုးဖောက်တဲ့ ငါးဖမ်းလှေတွေကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။ (Xinhua)