Politics, Law & Military
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိစာအုပ် ထုတ်ဝေမည်
နေပြည်တော်၊ ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ)
အကြောင်းအရာ စုံလင်စွာ ပြုစုရေးသားထားသည့် အခန်း ခြောက်ခန်း ပါဝင်သော လွတ်လပ်ရေး ဖခင်ကြီး အာဇာနည် ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိ စာအုပ်ကို ထုတ်ဝေရန် စီစဉ်လျက်ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ယနေ့ (ဇန်နဝါရီ ၂၁ရက်) ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
“သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်း သုတေသနနှင့် အမျိုးသား စာကြည့်တိုက် ဦးစီးဌာနက ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ (၁၉၁၅- ၁၉၄၇) ကို ထုတ်ဝေနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်၏ မေးခွန်းအား ဒုတိယဝန်ကြီးက ဖြေကြားရာတွင် ပြောခဲ့ခြင်းဖြစ်သည်။
အဆိုပါ စာအုပ်တွင် ဗိုလ်ချုပ်၏ လူငယ်ဘဝ(၁၉၁၅ – ၁၉၃၀)၊ တက္ကသိုလ်ကျောင်းသားဘဝ (၁၉၃၂ – ၃၈)၊ သခင်ဘဝ၊ လက်နက်ကိုင် တော်လှန်ရေး ပြင်ဆင်မှု ကာလ (၁၉၄၀ – ၄၁)၊ စစ်ဝန်ကြီးဘဝ (၁၉၄၂ – ၄၅)နှင့် အမျိုးသား ခေါင်းဆောင် (၁၉၄၅ – ၄၇) စသည်တို့ဖြင့် အခန်း ခြောက်ခန်းကို အကြောင်းအရာ စုံလင်စွာဖြင့် ရေးသားပြုစုထားကြောင်း၊ စာမူကြမ်းအဆင့် ပြီးစီးနေပြီ ဖြစ်ကြောင်း နှင့် ဗိုလ်ချုပ် အောင်ဆန်းနှင့် ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဌာန၊ စာပေဗိမ္မာန်အနေဖြင့် ၁၉၇၁ ခုနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းများ (၁၇ – ၃ – ၄၅ မှ ၁၉ – ၇ – ၄၇အထိ) ကို ထုတ်ဝေခဲ့ပြီး ဖြစ်ကြောင်းလည်း ဒုတိယ ဝန်ကြီးက ရှင်းလင်းဖြေကြားခဲ့သည်။(Xinhua)