Asia
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ပြုလုပ်သည့် ကင်နှင့် ထရမ့်တို့၏ ဒုတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေး သဘောတူညီချက်မရရှိဘဲ ပြီးဆုံး
![အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (ဝဲ) နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်တို့၏ ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေးအား တီဗီမှတစ်ဆင့် မြင်တွေ့ရစဉ် (ဆင်ဟွာ)](https://xinhuamyanmar.com/wp-content/uploads/2019/02/images_world_2019_02_28v1.jpg)
ဟနွိုင်း၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)
မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန် (Kim Jong Un) နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) တို့၏ ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းတွင် ပြုလုပ်သော ဒုတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေးမှာ သဘောတူညီမှုမရရှိဘဲ ဖေဖော်ဝါရီလ ၂၈ ရက်က အဆုံးသတ်ခဲ့ကြောင်း သိရသည်။
ဟနွိုင်းမြို့တွင် ပြုလုပ်သော ကင်နှင့် ထရမ့်တို့၏ ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေး ဒုတိယမြောက်နေ့မှာ “သဘောတူညီမှုမရရှိခဲ့ကြောင်း” အိမ်ဖြူတော်က ပြောကြားခဲ့သည်။ နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့များက အနာဂတ်တွင် တွေ့ဆုံရန် မျှော်လင့်ကြောင်း အိမ်ဖြူတော်က ဖြည့်စွက်ပြောကြားခဲ့သည်။
နှစ်နိုင်ငံ ခေါင်းဆောင်များသည် သဘောတူညီချက် တစ်စုံတစ်ရာမရရှိခဲ့ဘဲ အစည်းအဝေးပြီးဆုံးသွားခဲ့သော်လည်း ကင်နှင့် ထရမ့်တို့က “အလွန်ကောင်းမွန်ပြီး အပြုသဘောဆောင်သော အစည်းအဝေးများ ပြုလုပ်ခဲ့ကြောင်း” နှင့် “နျူကလီးယားကင်းစင်ရေးနှင့် စီးပွားရေး မောင်းနှင်အား သဘောတရား အဆင့်မြှင့်တင်ရန်” နည်းလမ်းများစွာ ဆွေးနွေးခဲ့ကြောင်း အိမ်ဖြူတော်က ကြေညာချက်တွင် ပြောကြားထားသည်။
ကင်နှင့် ထရမ့်တို့သည် မူလက ဟနွိုင်းမြို့ရှိ Sofitel Legend Metropole ဟိုတယ်တွင် နေ့လယ်စာ စားသုံးခြင်းနှင့် ပူးတွဲကြေညာချက်တစ်စောင်အား လက်မှတ်ရေးထိုးရန် စီစဉ်ထားခဲ့သော်လည်း ဖော်ပြ၍မရသော အကြောင်းပြချက်များကြောင့် ယင်းအစီအစဉ်များအား ဖျက်သိမ်းခဲ့သည်။
ထရမ့်သည် ဒေသစံတော်ချိန် နေ့လယ် ၂း၀၀ နာရီတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)