Connect with us

Africa & Middle East

မိုဇမ်ဘစ်နိုင်ငံတွင် အင်အားပြင်း အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် လူ ၈၄ ဦး သေဆုံး

အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း အိုင်ဒေး(Idai) တိုက်ခတ်မှုကြောင့် ဇင်ဘာဘွေနိုင်ငံတွင် လမ်းတံတားများ ပျက်စီးနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

မာပူတို၊ မတ် ၁၉ ရက်(ဆင်ဟွာ)

မိုဇမ်ဘစ်နိုင်ငံ အလယ်ပိုင်း ပြည်နယ်များကို မတ် ၁၄ ရက် ညပိုင်းက အင်အားပြင်း အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း အိုင်ဒေး(Idai) ဝင်ရောက် တိုက်ခတ်မှုကြောင့် မတ်လ ၁၈ ရက်အထိ အနည်းဆုံး လူ ၈၄ ဦးသေဆုံးပြီး လူပေါင်း ၁၅၀၀ခန့်ဒဏ်ရာရရှိကာ လူအမြောက်အမြား ပျောက်ဆုံးလျက်ရှိကြောင်း ယင်းနိုင်ငံဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာနက သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အိုင်ဒေး(Idai)ဆိုက်ကလုန်းမုန်တိုင်းသည် Sofala ပြည်နယ်ကို ဝင်ရောက်ခဲ့ရာ ပြည်နယ်အတွင်းရှိ Beira နှင့် Dondoခရိုင်နှစ်ခုမှာ မုန်တိုင်းဒဏ်အဆိုးဝါးဆုံးခံခဲ့ရကြောင်း ၊ လမ်းများ ရေဖုံးလွှမ်းပြီး လျှပ်စစ်မီးနှင့် ဆက်သွယ်ရေးများပြတ်တောက်ခဲ့ကြောင်း သိရသည်။

ဆိုင်ကလုန်းမုန်တိုင်း ကုန်းတွင်းပိုင်းကို စတင်ဝင်ရောက်သည့်နေရာ အနီးရှိ Beiraမြို့သည် ၉၀ ရာခိုင်နှုန်းပျက်စီးခဲ့ကြောင်း နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့၏ ထုတ်ပြန်သည့် သတင်းများအရသိရသည်။ Sofala ပြည်နယ်အနီးရှိ Manica ပြည်နယ်တွင် နယ်မြေ ၅ ခု ရေကြီး၍ ရေများနှင့်ပိတ်မိနေရာ လမ်းပန်းဆက်သွယ်ရေး လုံးဝပြတ်တောက်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မုန်တိုင်းအင်အား အနည်းငယ်လျော့နည်းသွားပြီဖြစ်သော်လည်း လာမည့်ရက်များတွင် မိုးဆက်လက်ရွာသွန်းမည်ဖြစ်ကြောင်း ဒေသခံမီဒီယာများ ဆိုသည်။ မိုဇမ်ဘစ် တပ်ဖွဲ့များကို ကူညီကယ်ဆယ်မှုများပြုလုပ်ရန် စေလွှတ်ထားကြောင်း ၊ အစိုးရအနေဖြင့် ယာယီခိုလှုံရေး စခန်းနှင့် အစားအစာပေးဝေရေစင်တာများထားရှိ ကူညီလုပ်ဆောင်ပေးနေကြောင်း သိရသည်။

မုန်တိုင်းဒဏ်သင့်သောဒေသများတွင် အခြေအနေအလွန်ဆိုးဝါးကြောင်း ၊ သေဆုံးသူဦးရေသည် ၁၀၀၀ကျော်ရှိလာနိုင်ကြောင်းနှင့် လူပေါင်း တစ်သိန်းကျော်သည် အသက်အန္တရာယ်နှင့်ရင်ဆိုင်ရရာ မည်သို့ပင်ဖြစ်စေ ပြည်သူလူထု၏အသက်အိုးအိမ်ကိုကာကွယ်သွားရန်မှာ လက်ရှိအရေးကြီးဆုံး ဖြစ်ကြောင်း မိုဇမ်ဘစ်သမ္မတ Filipe Nyusiက မတ် ၁၈ ရက်တွင် အချင်းဖြစ်နေရာများကို သွားရောက်ကြည့်ရှုလေ့လာပြီးနောက်ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.