Science & Technology
မုန်းချောင်းနှင့် အုံကြီး၀ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ၏ သိုလှောင်ရေ နည်းလာသဖြင့် မဂ္ဂါဝပ်လျော့ကျလာ
ရန်ကုန်၊ မေ ၂၀ ရက် (ဆင်ဟွာ)
မကွေးတိုင်းဒေသကြီး စေတုတ္တရာ မြို့နယ်ရှိ မုန်းချောင်းနှင့် အုံကြီး၀ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ၏ ရေလှောင်တမံများအတွင်း သိုလှောင်ရေ လက်ကျန် နည်းပါးလာသည့်အတွက် လက်ရှိကာလတွင် လျှပ်စစ်ဓာတ်အား ထုတ်လွှတ်မှု မဂ္ဂါဝပ်လျော့ကျလျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။
မုန်းချောင်းပေါ်ရှိ မုန်းချောင်းရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံ သည် (၇၅) မဂ္ဂါဝပ်နှင့် ကြီးအုံကြီးဝရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံသည် (၇၄) မဂ္ဂါဝပ်တို့ဖြင့် တည်ဆောက်ခဲ့သော်လည်း ရာသီဥတုပြင်းထန်သဖြင့် လက်ရှိကာလ တွင် ရေလှောင်တမံများအတွင်း သိုလှောင်ရေ လက်ကျန် နည်းပါးလာသည့်အတွက် မုန်းချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံမှ (၁၆) မဂ္ဂါဝပ်နှင့် ကြီးအုံကြီး၀ ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံမှ (၁၄)မဂ္ဂါဝပ်သာ နိုင်ငံတော် ဓာတ်အားစနစ်အတွင်းသို့ ထုတ်လုပ်ပေးပို့လျက် ရှိကြောင်း သိရသည်။
သတ်မှတ်သည့် အနိမ့်ဆုံး ရေအမှတ် များသို့ ရောက်ရှိခါနီးအချိန်တွင် စက်များ၏မောင်းနှင်မှုကို ထိခိုက်မှုမရှိစေရေး နိုင်ငံတော်ဓာတ်အားစနစ်၏ လိုအပ်ချက်အပေါ် ရုံးချုပ်၏ထိန်းညှိမှုများအရ နည်းပညာလုပ်ငန်းစဉ်များအတိုင်း စနစ်တကျ မောင်းနှင်သွားကြရန်၊ စက်ရုံရေရှည်တည်တံ့ခိုင်မြဲရေးနှင့် စက်စွမ်းအားပြည့် မောင်းနှင်ထုတ်လုပ်နိုင်ရေးအတွက် ဓာတ်အားပေးစက်များ ကြံ့ခိုင်ရေးကို စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားကြရန်၊ ဓာတ်အားပေးစက်ရုံများသည် နိုင်ငံတော်အတွက် အရေးကြီးသည့် စက်ရုံကြီးများဖြစ်သည့်အတွက် စက်ရုံရေရည်တည်တံ့ ခိုင်မြဲအောင် ထိန်းသိမ်းဆောင်ရွက် သွားကြရန် ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မေ ၁၈ ရက်တွင် မကွေးတိုင်းဒေသကြီး စေတုတ္တရာ မြို့နယ်ရှိ မုန်းချောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံနှင့် ပွင့်ဖြူမြို့နယ်ရှိ ကြီးအုံကြီးဝ ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံများသို့ သွားရောက်ပြီး ဓာတ်အားပေး စက်ရုံများဆိုင်ရာ အချက်အလက်များ၊ နှစ်အလိုက်ဓာတ်အား ထုတ်လုပ်မှု၊ ရေလှောင်တမံများအတွင်း ရေဝင်ရောက်မှု၊ လက်ရှိရေ သိုလှောင်ထိန်းသိမ်းထားရှိမှု အခြေအနေ၊ နိုင်ငံတော် ဓာတ်အား စနစ်နှင့်ချိတ်ဆက်၍ ဓာတ်အားဖြန့်ဖြူး ပေးထားမှု အခြေအနေနှင့် ဓာတ်အားပေးစက်များ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှု အခြေအနေတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။(Xinhua)