Connect with us

Politics, Law & Military

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် နိုင်ငံ၏ (GDP)ကို ၇ ရာခိုင်နှုန်း တိုးတက်မည်ဟု သမ္မတမျှော်မှန်း

အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၁၉) အစည်းအဝေးကျင်းပစဉ်(သမ္မတရုံး)

ရန်ကုန်၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် အမျိုးသား စီမံကိန်းသည် နိုင်ငံ၏ (GDP)ကို ၇ ရာခိုင်နှုန်း တိုးတက်မည်ဟု မျှော်မှန်းကြောင်း အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ယနေ့ ကျင်းပသော အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၁၉) အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အခြေခံ အဆောက်အအုံဆိုင်ရာ လုပ်ငန်း စီမံကိန်းကြီးများ ဆောင်ရွက်ရန်လျာထားခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ စီးဝင်ခြင်း၊ ငွေကြေးအရင်းအနှီး လိုအပ်သည့် စီးပွားရေး အခြေခံလုပ်ငန်းများသို့ ချေးငွေများ ဆက်လက်ထုတ်ချေးခြင်း၊ နိုင်ငံတော်က ဖြေလျှော့ပေးထားသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း များကြောင့် လုပ်ငန်းများတိုးချဲ့လာနိုင်ခြင်း၊ ပုဂ္ဂလိကဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ညှိနှိုင်းပေါင်းစပ်မှုများ တွန်းအားပေး ဆောင်ရွက်လျက်ရှိခြင်းတို့ကြောင့် ပုဂ္ဂလိက အသေးစားနှင့်အလတ်စား လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဟု မျှော်မှန်းထားကြောင်း သမ္မတက ဆိုသည်။

အခြားတစ်ဖက်တွင်လည်း နိုင်ငံတော်၏စီးပွားရေးတွင် အဓိကကျသည့် လယ်ယာ ကဏ္ဍကြီး ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စက်မှုကဏ္ဍကြီးအတွက် အဓိကလိုအပ်သည့် လျှပ်စစ် ဓာတ်အား တိုးတက်ရရှိနိုင်ရေး၊ ၂၀၂၀ ခုနှစ် နွေရာသီတွင် ဓာတ်အား ပြတ်တောက်မှု လျော့နည်းစေရေးတို့အတွက် စီမံဆောင်ရွက်ခြင်း၊ ခရီးသည်နှင့် ကုန်စည်သယ်ယူ ပို့ဆောင်ရေးတွင် အဓိကကျသည့် လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်စေရေး အတွက် လမ်းကွန်ရက်များနှင့် ကျေးလက်လမ်းများ တိုးတက်ကောင်းမွန်လာစေခြင်း၊ ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းများ ခေတ်မီတိုးတက်လာခြင်း၊ ငွေကြေးဝန်ဆောင်မှု အမျိုးအစားအသစ်များ ဖြစ်ထွန်းလာခြင်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာခြင်း တို့ကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် အမျိုးသား စီမံကိန်းသည် နိုင်ငံ၏ (GDP)ကို ၇ ရာခိုင်နှုန်း တိုးတက်မည်ဟု မျှော်မှန်းထားပါကြောင်း ၎င်းက ပြောသည်။

နိုင်ငံတော်၏ စီးပွားရေးသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် နှစ်ကုန်ခန့်မှန်းခြေတွင် သင့်တင့်သည့် စီးပွားရေး တိုးတက်မှုနှုန်း ရရှိမည်ဟု မျှော်မှန်းထားပြီး ၆ ဒသမ ၈ ရာခိုင်နှုန်းတိုးတက်မည်ဟုလည်း ခန့်မှန်းထားကြောင်း သမ္မတက ဆိုသည်။ယင်းအစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးရာ၌ နိုင်ငံတော် ၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းကို နိုင်ငံတော်၏ ဗျူဟာမြောက်မူဘောင် အဖြစ် ချမှတ်ထားသည့်အတွက် စီမံကိန်းများ ရေးဆွဲအဆိုပြုရာတွင် အဆိုပါစီမံကိန်းပါ မဏ္ဍိုင် ၃ ရပ်၊ ပန်းတိုင် ၅ ရပ်၊ မဟာဗျူဟာ ၂၈ ရပ်၊ လုပ်ငန်းစဉ် ၂၅၁ ရပ်တို့နှင့် အညီ ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ မဏ္ဍိုင် ၃ ခုမှ တစ်ခုဖြစ်သည့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးမရှိဘဲ ဖွံ့ဖြိုးတိုးတက်ရန် ခက်ခဲသည့်အတွက် စီမံကိန်းအားလုံးတွင် နိုင်ငံ တော်၏ တည်ငြိမ်အေးချမ်းရေးကို အထောက်အကူပြုသည့် လုပ်ငန်းများနှင့် ပြည်သူ လူထုလိုအပ်နေသည့် ကိစ္စရပ်များကို ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။

နိုင်ငံတော်က ဆောင်ရွက်သည့် စီမံကိန်းအားလုံးသည် နိုင်ငံတော်အတွက် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှု ဖြစ်နိုင်မည့်အခြေအနေကို ကြည့်ပြီး အကောင်အထည်ဖော်မည့် စီမံကိန်းများကို ဆုံးဖြတ်ရွေးချယ်ကြရမည် ဖြစ်ပါကြောင်း၊ စီမံကိန်းများရွေးချယ်ရာတွင်လည်း ဗျူဟာမြောက် စီမံကိန်းများ ဖြစ်စေရန် အတွက် စီမံကိန်းဘဏ် စိစစ်ရေးလုပ်ငန်းစဉ်များနှင့် စိစစ်ရွေးချယ်နိုင်ရန် လိုအပ် ပါကြောင်း ၎င်းကဆိုသည်။

နိုင်ငံတော်အနေဖြင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို ဦးတည်ဆောင်ရွက် နေသည့်အတွက် တိုင်းဒေသကြီး၊ ပြည်နယ်များက နောင်တွင် ဖြစ်ပေါ်လာမည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို မျှော်တွေးစဉ်းစားပြီး တာဝန်ယူမှု၊ တာဝန်ခံမှုနှင့်အတူ အမျိုးသား စီမံကိန်းနှင့် ဒေသန္တရစီမံကိန်းများကို မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက် ညီသည့် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းနှင့် ချိတ်ဆက်ပြီး ရေးဆွဲရမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဆက်လက်ပြောကြားခဲ့သည်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် တွေ့ကြုံလာမည့် အခက်အခဲနှင့် လိုအပ်ချက်များကို အားလုံးက ပြည်ထောင်စုစိတ်ဓာတ်ဖြင့် အပြန်အလှန် အချိတ်အဆက်မိမိ ဖြေရှင်းဆောင်ရွက်သွားရန် မှာကြားလိုပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကဏ္ဍအလိုက်ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ဗဟိုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုနှင့် အသစ်ဖြစ်ပေါ်နေသော အခြေအနေများအပေါ် စီမံကိန်းများ ရေးဆွဲသွားကြရန်လည်း လိုအပ်ပါကြောင်း ၎င်းက ပြောကြားသည်။

အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၁၉) အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက်၍ အဖွင့် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းကို ပြည်ထောင်စုလွှတ်တော်သို့ မတင်သွင်းမီ ညှိနှိုင်းအတည်ပြုချက်ရယူရန် ကျင်းပသည့် အစည်းအဝေးဖြစ်ကြောင်း သိရသည်။အဆိုပါ အစည်းအဝေးသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားစီမံကိန်းကော်မရှင် ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ စီမံကိန်းကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ မြန်မာနိုင်ငံ ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသဦးစီးဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.