Connect with us

Politics, Law & Military

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တွင် ငွေကျပ် သိန်းပေါင်း ၄၇,၀၀၀ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ

တာချီလိတ်မြို့နယ်တွင် လျှိုအတွင်းမှ သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများအားတွေ့ရစဉ်(CCDAC)

ရန်ကုန်၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တွင် ငွေကျပ် သိန်းပေါင်း ၄၇,၀၀၀ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဗဟိုကော်မတီက ယနေ့ထုတ်ပြန်သော သတင်းအရ သိရသည်။

တပ်မတော်သားများသည် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ရေပူစမ်းကျေးရွာအနီးတွင် ဇွန် ၁၅ ရက် နေ့လည် ၁နာရီခန့်က နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် လျှိုအတွင်းရှိ ဆာလာအိတ်များအတွင်းမှ ပလတ် စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂,၆၉၀,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ် ၂၆,၉၀၀ သိန်း)၊ ဆာလာအိတ်များအတွင်းမှ ပလတ်စတစ်အိတ်ဖြင့်ထည့်ထားသည့် ကဖင်းအလေးချိန် ၁၀၅၀ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၈၄၀ သိန်း)၊ ပလတ်စတစ်များဖြင့်ပတ်ထုပ်ထားသည့် ဘိန်းဖြူ အလေးချိန် ၁.၄ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၂၄ သိန်း)၊ ဆာလာအိတ်များအတွင်းမှ ပလတ် စတစ်အိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးမှုန့် ၁၉၆.၃ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၉,၆၃၀ သိန်း)နှင့် မူးယစ်ဆေးဝါးထုတ်လုပ်ချိန်တွယ်ထုပ်ပိုးရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အလားတူ ဇွန်လ ၁၆ ရက် နံနက်ပိုင်းတွင် တပ်မတော်သားများသည် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်း ကျေးရွာအုပ်စု၊ ရေပူစမ်းကျေးရွာအနီးတွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် လျိုအတွင်းမှ ပလတ်စတစ်အိတ် ဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၄၀၈၃ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၀.၈၃ သိန်း)၊ ပလတ်စတစ်အိတ်ဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးမှုန့် ၁၀၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၀ သိန်း)နှင့် စိတ်ကြွရူးသွပ်ဆေးပြားထုပ်ပိုးရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား ထပ်မံ တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါသိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးများအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၃၀)တာချီလိတ် သို့ လွှဲပြောင်းပေးအပ်သဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်လှစ်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)