Europe
စပိန်နိုင်ငံတွင် တောမီးလောင်ကျွမ်းမှုကြောင့် သစ်တော ဟက်တာ ၁ သောင်းကျော် ပျက်စီး
မက်ဒရစ်၊ ဇွန် ၃၀ ရက်(ဆင်ဟွာ)
ပူပြင်းသောရာသီဥတုကြောင့် စပိန်နိုင်ငံ အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသများရှိ Tarragona ၊ Toledo ၊ Ávila စသည့်နေရာများတွင် ယခုကာလများအတွင်း တောမီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ စပိန်နိုင်ငံ မီးသတ်ဌာန၏ စာရင်းများအရ ဇွန် ၃၀ ရက်အထိနေရာအနှံ့ တောမီးလောင်ကျွမ်းမှုများကြောင့် သစ်တော ဟက်တာ ၁ သောင်းကျော် ပျက်စီးခဲ့ကြောင်း သိရသည်။
ယခုဖြစ်ပွားသည့် တောမီးလောင်ကျွမ်းမှုတွင် စပိန်နိုင်ငံ အရှေ့မြောက်ပိုင်း Catalonia ကိုယ်ပိုင် အုပ်ချုပ်ရေးဒေသ ရှိ Tarragona ပြည်နယ်မှာ အခြေအနေအဆိုးဝါးဆုံးဖြစ်ပြီး စုစုပေါင်း သစ်တော ဟက်တာ ၆၀၀၀ ခန့် ပျက်စီးခဲ့သည်။ ယနေ့အချိန်အထိ တောမီးလောင်ကျွမ်းမှုမှာ ၄ ရက် ရှိပြီဖြစ် ကြောင်း ၊ မီးသတ်အင်အား ၃၅၀ ကျော်အပါအဝင် ရဟတ်ယာဉ်များနှင့် မီးငြှိမ်းသတ်နေရကြောင်း သိရသည်။
တောမီးကို ကနဦး ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ၊ လက်ရှိတွင် မီးညွှန့်ကျိုးပြီဖြစ်သော်လည်း အချို့နေရာများတွင် မီးခိုး များထူထပ်နေဆဲဖြစ်ကြောင်း Tarragona မီးသတ်ဌာနက ဇွန် ၂၉ ရက် ညပိုင်းတွင် ပြောကြားခဲ့သည်။
တောမီးလောင်ကျွမ်းရာ စပိန်နိုင်ငံ အခြားဒေသများတွင်လည်း ဟက်တာ ၅၀၀ မှ ၂၀၀၀ အထိ သစ်တောများ ပျက်စီးခဲ့ရသလို လူ ၄၀၀ ကျော်ခန့်ကိုလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။ Toledo မီးသတ်ဌာနက ၎င်းဒေသအနီးတွင် ဇွန်လ ၂၈ ရက် တောမီးစတင်လောင်ကျွမ်းခဲ့ရာ အန္တရာယ်ရှိသည့်အနေအထားရှိနေဆဲဖြစ်ကြောင်း ၊ လက်ရှိ မီးငြှိမ်းသတ်မှုကိုလုပ်ဆောင်နေသူ အယောက် ၁၅၀ ကြောင်း ပြောကြားခဲ့သည်။
အပူလွန်ကဲသည့်ရာသီဥတုကြောင့် ယခုနှစ်တွင် တောမီးလောင်ကျွမ်းမှုအခြေအနေ ဆိုးဝါးဖြစ်သည်ဟု ထင်မှတ်ရကြောင်း ၊ ယခုကာလများတွင် Tarragona ပြည်နယ်အပါအဝင် စပိန်နိုင်ငံ နေရာအများအပြားတွင် အပူချိန်သည် ၄၂ ဒီဂရီ စင်တီဂရိတ် ကျော် ရှိကြောင်း သိရသည်။(Xinhua)