Connect with us

WORLD

လစ်ဗျားနိုင်ငံတွင် COVID-19 လူနာတစ်ဦး ပထမဆုံး ပြန်လည်ကျန်းမာလာ

လစ်ဗျားနိုင်ငံ ထရီပိုလီမြို့တွင် covid-19 ကာကွယ် ထိန်းချုပ်ရေးအတွက် ပိုးသတ်ဆေးဖျန်းကိရိယာ တင်ဆောင်ထားသည့် မော်တော်ယာဉ်များအား တွေ့ရစဉ် (ဆင်ဟွာ)

 

ထရီပိုလီ၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

လစ်ဗျားနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားသူတစ်ဦး ပထမဆုံးပြန်လည်ကျန်းမာလာခဲ့ကြောင်း ကုလသမဂ္ဂကျောထောက်နောက်ခံပြုထားသည့် လစ်ဗျားအစိုးရ၏ နိုင်ငံအဆင့်ရောဂါထိန်းချုပ်ရေးစင်တာက ဧပြီ ၆ ရက်တွင် ကြေညာခဲ့သည်။

“ဓာတ်ခွဲစမ်းသပ်မှုနှစ်ခုမှာ ရောဂါမတွေ့ရှိကြောင်း အဖြေထွက်ရှိပြီးတဲ့နောက် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ခံစားနေရတာကနေ ပထမဆုံးပြန်လည်ကျန်းမာလာတဲ့အကြောင်း ကျွန်တော်တို့ တရားဝင်ကြေညာလိုက်ပါတယ်” ဟု စင်တာ၏ ညွှန်ကြားရေးမှူး ဘာဒါ အတ်ဒင် အယ်လ်-နာဂျာ (Badr Addin Al-Najjar) က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“ရောဂါပျံ့နှံ့မှု လျှော့ချရေးအတွက် ပထမဆုံး ခြေလှမ်းတွေအဖြစ် လူချင်းခပ်ခွာခွာနေကြဖို့နဲ့ အသွားအလာကန့်သတ်ပြီး နေအိမ်အတွင်းမှာပဲ နေထိုင်ဖို့ လုပ်ဆောင်ခဲ့တယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။လစ်ဗျားနိုင်ငံတွင် COVID-19 ဖြစ်ပွားသူ စုစုပေါင်း ၁၉ ဦးရှိလာပြီဖြစ်ကြောင်း စင်တာက ကြေညာခဲ့သည်။

အစိုးရအနေဖြင့် ကပ်ရောဂါတိုက်ဖျက်ရေး ဆောင်ရွက်ချက်များအဖြစ် လေဆိပ်များ၊ နယ်စပ် ဖြတ်သန်းခြင်းများ၊ ဗလီများနှင့် ပညာရေးအဆောက်အအုံများပိတ်ခြင်း၊ ပြည်သူများ စုဝေးမှုနှင့် လှုပ်ရှားမှုများ တားမြစ်ခြင်းနှင့် အပြင်မထွက်ရအမိန့်ထုတ်ပြန်ခြင်းများ ထုတ်ပြန်ထားကြောင်း သိရသည်။

လစ်ဗျားနိုင်ငံတွင် ဧပြီ ၂ ရက်က သေဆုံးပြီးမှ ရောဂါရှာဖွေတွေ့ရှိခဲ့သည့် အသက် ၈၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးမှုသည် COVID-19 ကြောင့် ပထမဆုံးသေဆုံးမှုဖြစ်လာခဲ့သည်။ထို့ပြင် လစ်ဗျား အစိုးရက နေ့စဉ် အလုပ်ချိန်ကို ဒေသစံတော်ချိန် နံနက် ၉:၀၀ နာရီမှ နေ့လယ် ၂:၀၀ နာရီအထိ သတ်မှတ်ထားကြောင်း သိရသည်။  (Xinhua)