Connect with us

Social

မြစိမ်းရောင်စီမံကိန်း ကျေးရွာ ပေါင်း ၁၁,၆၄၃ ရွာတွင် ချေးငွေအပေါ် အတိုးနှုန်း ၅၀ရာခိုင်နှုန်းနှင့် အထက် လျှော့ချပေးမည်

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ် ရှိ မြစိမ်းရောင် ကျေးရွာစီမံကိန်းဆောင်ရွက်သည့် ကျေးရွာတစ်ခု အားတွေ့ရစဉ် (ဓာတ်ပုံ-- စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန)

 

ရန်ကုန်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

မြန်မာတစ်နိုင်ငံ လုံးတွင် ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်စီမံကိန်း ကျေးရွာ ပေါင်း ၁၁,၆၄၃ ရွာတွင် သတ်မှတ် အတိုးနှုန်းကို ကျေးရွာလိုက် အတိုးနှုန်းပေါ်မူတည်ပြီး ၅၀ ရာခိုင်နှုန်း နှင့် အထက် လျှော့ချပေးမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊လက်ထောက်အတွင်းဝန် ဒေါက်တာထွန်းလွင် က ဆင်ဟွာကို ဧပြီ ၂၅ ရက်တွင် ပြောသည်။

ဒေါက်တာထွန်းလွင်က “အရင်ကတော့ ရွာက ကော်မတီတွေ ရဲ့ ဆုံးဖြတ်ချက်အရ ငွေ ၁၀၀ ကျပ် ကို ၁ ကျပ် ခွဲ ထက် မပိုတဲ့ အတိုးနှုန်းနဲ့ ချေးရပါတယ်။ အခုကတော့ ငွေချေးထားသူတွေ အဆင်ပြေဖို့အတွက် အခုလို အတိုးနှုန်းလျှော့ချပေးတာပါ။ အတိုးနှုန်း ၁ ကျပ် ခွဲ ယူထားတဲ့ ကျေးရွာဆိုရင် ၅၀ရာခိုင်နှုန်းအထက်လျှော့သွားမယ်။ ၁ ကျပ်ပဲ ယူထားတဲ့ ကျေးရွာဆိုရင် ၅၀ ရာခိုင်နှုန်းလျှော့သွားမှာပါ ’’ ဟုပြောသည်။ 

ချေးငွေ ၁၀၀ ကျပ် အတွက် တစ်လ ၅၀ ပြားနှုန်း အထိ ၂၀၂၀ ပြည့်နှစ် ဧပြီလမှ စ၍ ၁ နှစ် တိတိလျှော့ချပေးမည်ဖြစ်ကြောင်း၊ အဆိုပါအတိုးနှုန်းလျှော့ချခြင်းကာလသည် ၂၀၂၁ခုနှစ် မတ်လ ကုန်အထိဖြစ်ကြောင်း သိရသည်။ 

အဆိုပါ မြစိမ်းရောင်စီမံကိန်းသည် ကျေးလက်ဒေသများတွင် နွမ်းပါးသူ များ အလုပ်လုပ်ကိုင်နိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူများ ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် နှင့် မိသားစုဝင်ငွေ တိုးပွားစေရန် ရည်မှန်း ၍ ကျေးရွာပေါင်း ၁၁,၆၄၃ ရွာတွင် ကျေးရွာတစ်ရွာလျှင် အရင်းမပျောက်လည်ပတ်ရန်ပုံငွေအဖြစ် ငွေကျပ်သန်း ၃၀ မတည်ပေးပြီး၊ တိုးပွားလာသောငွေများအား ကျေးရွာရန်ပုံငွေ အဖြစ်ထားရှိ၍ ကျေးရွာပြည်သူများထံ ပြန်လည်ထုတ်ချေးခြင်း နှင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အားဆောင်ရွက်လျက်ရှိကြောင်း၊  နှစ်အလိုက်ကျေးရွာများ ကိုထပ်တိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.