Connect with us

Europe

George Floyd သေဆုံးမှုအား ကန့်ကွက်ဆန္ဒပြသူ ၃၀၀ ကျော် နယူးယောက်မြို့၌ အဖမ်းခံရ

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ဆန္ဒပြနေသူများအား ရဲတပ်ဖွဲ့က ဖမ်းဆီးနေစဉ်(ဆင်ဟွာ)

 

နယူးယောက် ၊ ဇွန် ၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ မင်နီဆိုတာပြည်နယ်၌ လူမဲအမျိုးသား George Floyd သေဆုံးမှုအပေါ် မကျေနပ်၍ နယူးယောက်မြို့တော်၌ မေ ၃၁ ရက် ညပိုင်းက သုံးရက်မြောက်နေ့အဖြစ် ကန့်ကွက်ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားစဉ်အတွင်း အခြား လူ ၃၀၀ ကျော် ထပ်မံဖမ်းဆီး ခံရကြောင်း ဒေသတွင်း မီဒီယာက ဖော်ပြခဲ့သည်။

ထောင်ပေါင်းများစွာသော နယူးယောက်မြို့သားများသည် စနေ့နေ့မွန်းလွဲပိုင်းမှ စတင်ကာ နေရာငါးခုတွင် စုဝေးကြပြီး  လူမဆန်သောရဲတပ်ဖွဲ့၏ လုပ်ဆောင်မှုအပေါ် ကန့်ကွက်ဆန္ဒပြခဲ့ကြကြောင်း နှင့် ရဲတပ်ဖွဲ့ နှင့် ဆန္ဒပြသူများအကြား ထိပ်တန်းတွေ့ဆုံခဲ့ပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြမှုများသည် အဓိကရုဏ်းအသွင်သို့ ပြောင်းလဲရောက်ရှိသွားကြောင်း သိရသည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ဆန္ဒပြနေသူများအား ရဲတပ်ဖွဲ့က ဖမ်းဆီးနေစဉ်(ဆင်ဟွာ)

မြို့လယ်ခေါင်ရှိ စီးပွားရေးအချက်အချာ မန်ဟက်တန်ရပ်ကွက်တွင်လူယက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း နှင့် ရဲတပ်ဖွဲ့ဝင်များ၏ မော်တော်ကား အစီးပေါင်းများစွာ မီးရှို့ခံရမှု နှင့် ဖျက်ဆီးခံရမှုများ ဖြစ်ပေါ်ခဲ့ကြောင်း NBC4 သတင်းဌာနက ဖော်ပြခဲ့သည်။

ဘရွတ်ကလင်းတွင် ရဲကားနှစ်စီးကို ဆန္ဒပြသူများက ဝိုင်းဝန်း၍ ကျောက်ခဲများ ၊ ပုလင်းများဖြင့် ပစ်ပေါက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ၎င်းရဲကားများသည် လူအုပ်အတွင်းမှ အရှိန်ဖြင့်  မောင်းပြေးစဉ် လူပေါင်းများစွာ ကားတိုက်ခံရသဖြင့် ကြမ်းပြင်ပေါ်မှောက်လဲကြသွားသည့် ဗီဒီယိုရုပ်သံမှာလည်း အွန်လိုင်းပေါ်တွင်ပြန့်နှံ့နေသည်။ 

မေ ၃၁ ရက်တွင် လူပေါင်း ၃၄ဝ ကျော်အဖမ်းခံခဲ့ရကြောင်း ၊ ရှေ့သုံးရက်တာ ကာလအတွင်း ဖမ်းဆီးခံရသူစုစုပေါင်း ၆၀၀ ဦးထိရှိလာခဲ့ကြောင်း နှင့် ရဲတပ်ဖွဲ့ဝင် ၃၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း NBC4 သတင်းက ဆိုသည်။ဆန္ဒပြသူအားလုံးအနေဖြင့် အိမ်ပြန်ကြရန် နှင့် ၎င်းတို့၏ ဆန္ဒပြသံများကိုကြားနေရကြောင်း နယူးယောက်မြို့တော်ဝန် Bill de Blasio က ဘရွတ်ကလင်း၌ သန်းခေါင်ယံ မတိုင်မီတွင် တိုက်တွန်းစကားပြောကြားခဲ့သည်။

အရေအတွက်အနည်းငယ်ရှိသော လူများက အကြမ်းဖက်မှုများ နှင့် ရဲတပ်ဖွဲ့ဝင်များအား တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ၊ ယင်းမှာ လက်ခံနိုင်စရာမရှိကြောင်း ၎င်းကထည့်သွင်းပြောကြားခဲ့သည်။“ အဲဒီမှာရှိနေတဲ့သူတွေက အကြမ်းဖက်မှုကို ဖန်တီးနေကြတယ် ၊ အဲဒီကိစ္စကိုတော့ ကျွန်တော်တို့သီးခံမှာမဟုတ်ဘူး ၊ ညတွင်းချင်းပဲ အဖမ်းခံရမှာပါ” ဟု၎င်းက ဆက်လက်ပြောကြားခဲ့သည်။ 

ရဲတပ်ဖွဲ့အား ဦးတည်၍ အကြမ်းဖက်တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် မေ ၂၈ ရက်က မန်ဟက်တန်တွင် ဆန္ဒပြသူ ၇၀ ကျော် နှင့် မေ ၂၉ ရက်ညပိုင်းတွင် ဘရွတ်ကလင်း၌ လူပေါင်း ၂၀၀ ကျော်အဖမ်းခံရကြောင်း သိရသည်။နယူးယောက်မြို့တော်ရဲဌာနရှိ ရဲကားများအား မေ ၃၀ ရက် နံနက်အစောပိုင်းက အရက်ပုလင်းများဖြင့် မီးရှို့ပစ်ပေါက်ခဲ့သူ သုံးဦးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း အမေရိကန်တရားရေးဌာန၏ မေ ၃၁ ရက်တွင် ထုတ်ပြန်သော ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.