Connect with us

Europe

အမေရိကန်နိုင်ငံ လော့အိန်ဂျလိစ်မြို့၌ ညမထွက်ရ အမိန့်သစ်ထုတ်ပြန်

အမေရိကန်နိုင်ငံ လော့အိန်ဂျလိစ်မြို့တွင် ဆန္ဒပြသူများ နှင့်ရဲတပ်ဖွဲ့အကြား ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပွားနေစဉ်(ဆင်ဟွာ)

လော့အိန်ဂျလိစ် ၊ ဇွန် ၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ မင်နီပူးလစ်မြို့တွင် လူမဲအမျိုးသား George Floyd သေဆုံးမှုအပေါ် ကန့်ကွက်ဆန္ဒပြမှုများသည် နိုင်ငံအနှံ့ ကူးစက်ပျံ့နှံ့သွားပြီးနောက် မငြိမ်သက်မှု နှင့် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိရာ အမေရိကန်နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော လော့အိန်ဂျလိစ်မြို့ကို  ည ၈ နာရီမှ မနက် ၅ နာရီခွဲထိ နောက်ထပ် ညမထွက်ရအမိန့်သစ် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

မြို့လယ်ခေါင် နှင့် ဈေးဆိုင်တန်းလမ်းမကြီးတွင်  ညလုံးပေါက် လုယက်မှုနှင့် ဖျက်ဆီးမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် လော့အိန်ဂျလိစ်မြို့တော်ဝန် Eric Garcetti က မေ ၃၁ ရက် ညနေပိုင်းတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ညမထွက်ရအမိန့်ထုတ်ပြန်ကြောင်း ထည့်သွင်းကြေညာခဲ့ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံ လော့အိန်ဂျလိစ်မြို့တွင် ဆန္ဒပြသူများ နှင့်ရဲတပ်ဖွဲ့အကြား ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပွားနေစဉ်(ဆင်ဟွာ)

လော့အိန်ဂျလိစ်မြို့နှင့်ထိစပ်လျက်ရှိသော အနောက်ဟောလီဝုဒ် ၊ ကယ်လ်ဗာစီးတီး ၊ ဆန်တာအန်နာ အပါအဝင် တောင်ကယ်လီဖိုးနီးယားမြို့များကိုလည်း မေ ၃၀ ရက်တွင် ညမထွက်ရ အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။မေ ၃၁ ရက် နံနက်အစောပိုင်းအချိန်ထိ ညမထွက်ရအမိန့်ကို ဖောက်ဖျက်၍ လမ်းထွက်သူများ နှင့် ဈေးဆိုင်များအတွင်း လုယက်သူများကို ရဲတပ်ဖွဲ့က ဖမ်းဆီးမှု ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း နှင့် တရားဥပဒေစိုးမိုးရေးပြန်လည်လုပ်ဆောင်ရန်အတွက် လော့အိန်ဂျလိစ်မြို့လယ်တွင် ကယ်လီဖိုးနီးယား အမျိုးသားအစောင့်တပ် ရာပေါင်းများစွာကို တပ်ချထားကြောင်း သိရသည်။

ကယ်လီဖိုးနီးယားအုပ်ချုပ်ရေးမှူး Gavin Newsom က ဆန္ဒပြမှုများအား ထိန်းသိမ်းရန် မေ ၃၀ ရက် ညပိုင်းက အမေရိကန်နိုင်ငံ၌ အထင်ရှားဆုံးမြို့တစ်မြို့ဖြစ်သည့် လူပေါင်း ၁၀သန်းကျော်နေထိုင်သော လော့အိန်ဂျလိစ်မြို့ကို အရေးပေါ်အခြေအနေကြေညာခဲ့သည်။

 လူမဲအမျိုးသား George Floyd သေဆုံးမှုအပေါ် တုံ့ပြန်ရန်အတွက် လော့အိန်ဂျလိစ်မြို့၌ ဆန္ဒပြပွဲများ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း ဆန္ဒပြသူများကဆိုသည်။ “ ၂၀၂၀ ပြည့်နှစ် မေ ၂၅ ရက်က လူမဲအမျိုးသား George Floyd ဟာ မင်နီဆိုတာပြည်နယ် မင်နီပူးလစ်မြို့မှာ အဖမ်းခံရချိန်မှာ သူ့ကို မင်နီပိုလစ် ရဲအရာရှိတစ်ဦးက ဒူးနဲ့ ထောက်ပြီး ဖိထားရာကနေ အသက်ရှူကြပ်လာတယ် ၊ သူအသက်ရှူမရတော့လို့ လွှတ်ပေးဖို့ အကူအညီတောင်းတယ်။ နောက်တော့သူသေဆုံးသွားတယ်” ဟု ဆန္ဒပြသူများက ဆိုသည်။

လော့အိန်ဂျလိစ်မြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးမှ ကောင်စစ်ဝန်ချုပ်က ယင်းဒေသတွင်နေထိုင်သော တရုတ်နိုင်ငံသားများအား ဒေသဆိုင်ရာအာဏာပိုင်များမှ ထုတ်ပြန်သော ညမထွက်ရအမိန့်နှင့်ပတ်သက်၍ ထပ်ဆင့်သတိပေးခဲ့ပြီး ဆန္ဒပြမှုများ နှင့် အဓိကရုဏ်းဖြစ်ပွားနေသော နေရာများအား ရှောင်ရှားကြရန် သတိပေးချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။(Xinhua)