Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပေါ် စွပ်စွဲပြစ်တင်မှု မမှန်ကန်ကြောင်း တိုင်းဒေသကြီးလွှတ်တော် ဆုံးဖြတ်

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၃/၂၀၂၀) ကျင်းပမှုအား တွေ့ရစဉ်(ဓာတ်ပုံ - Yangon Hluttaw)

ရန်ကုန် ၊ ဇွန် ၁၈ ရက်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပေါ် စွပ်စွဲပြစ်တင်မှုနှင့် စပ်လျဉ်း၍ ယနေ့ ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး အရေးပေါ်အစည်းအဝေးတွင် အဆုံးအဖြတ် ရယူခဲ့ရာ ထောက်ခံဆန္ဒမဲသည် ကိုယ်စားလှယ်စုစုပေါင်းဦးရေ၏ သုံးပုံနှစ်ပုံမပြည့်သည့်အတွက် စွပ်စွဲပြစ်တင်မှုမှာ မမှန်ကန်ကြောင်း လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

ကိုကိုးကျွန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းပါ (၃၂)ဦး တို့က လွှတ်တော် ဥက္ကဋ္ဌထံ တင်ပြသည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပေါ် စွပ်စွဲပြစ်တင်မှုနှင့် စပ်လျဉ်း၍ စုံစစ်စစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး စုံစမ်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို လွှတ်တော် ဥက္ကဋ္ဌက ယနေ့ ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး အရေးပေါ်အစည်းအဝေးတွင် တင်ပြခဲ့သည်။ 

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက အစီရင်ခံစာအား ဖတ်ကြားတင်ပြရာတွင် စုံစမ်းစစ်ဆေးရေး အဖွဲ့၏ စုံစမ်းစစ်ဆေးတွေ့ရှိချက်များတွင် မှန်ကန်မှု မရှိကြောင်း တွေ့ရှိရကြောင်း ရှင်းလင်း တင်ပြခဲ့ပြီး စွပ်စွဲပြစ်တင်မှုနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေး အဖွဲ့သည် ဝန်ကြီးချုပ်၏ ချေပချက်များ ၊ အထောက်အထားများ ၊ မှတ်တမ်းများကို အသေးစိတ် စုံစမ်း စစ်ဆေးရာတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၆၃ ပုဒ်မခွဲ က ပါ စွပ်စွဲပြစ်တင်နိုင်သော အကြောင်းတစ်ရပ်ရပ်နှင့် ညှိစွန်းခြင်း မရှိကြောင်း တင်ပြခဲ့သည်။ 

စွပ်စွဲပြစ်တင်မှုနှင့် စပ်လျဉ်း၍ ထောက်ခံဆန္ဒမဲ အရေအတွက်မှာ ကိုယ်စားလှယ် စုစုပေါင်း ဦးရေ၏ သုံးပုံနှစ်ပုံက ထောက်ခံခြင်း မရှိသည့် အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ စွပ်စွဲပြစ်တင်မှုသည် မမှန်ကန်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက ကြေညာခဲ့သည်။ 

စွပ်စွဲပြစ်တင်မှုနှင့် စပ်လျဉ်း၍ လွှတ်တော် အဆုံးအဖြတ် ရယူဆောင်ရွက်ခဲ့ရာ ထောက်ခံဆန္ဒမဲပေါင်း – ၂၅ မဲ၊ ကြားနေဆန္ဒမဲပေါင်း – ၀ မဲ ၊ ကန့်ကွက်ဆန္ဒမဲပေါင်း – ၇၇ မဲ ဖြစ်၍ ထောက်ခံဆန္ဒမဲသည် ကိုယ်စားလှယ်စုစုပေါင်းဦးရေ၏ သုံးပုံနှစ်ပုံမပြည့်သည့်အတွက် စွပ်စွဲပြစ်တင်မှု မမှန်ကန်ကြောင်း လွှတ်တော်က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.