Connect with us

Local

ရှမ်းပြည်နယ်အတွင်း မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း (၆)ခု ရေးဆွဲဆောင်ရွက်

ရှမ်းပြည်နယ် တောင်ကြီးမြို့အား အပေါ်စီးက မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ  ၃၀ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ်အတွင်း  မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း (၆)ခု ရေးဆွဲဆောင်ရွက်ပြီးဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနကမှ ထုတ်ပြန်သော သတင်းအရ သိရသည်။

မိုးမိတ်မြို့သစ်စီမံကိန်း၊ မိုင်းတုံမြို့နယ်ကျေးရွာစီမံကိန်းနှင့် မိုင်းဆက်မြို့ပြစီမံကိန်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် ဟိုပုံးမြို့ပြဖွံ့ဖြိုးရေးစီမံကိန်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နမ်ဆန်မြို့ပြစီမံကိန်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လောက်ကိုင်မြို့ပြစီမံကိန်း စသည့် မြို့ပြစီမံကိန်း (၆)ခု ရေးဆွဲဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

၂၀၂၀ – ၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း တောင်ကြီးမြို့ကို ဗြိတိန်အစိုးရ၏ ကူညီထောက်ပံ့မှု လန်းချီအစီအစဉ်နှင့် ရှမ်းပြည်နယ်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးဦးစီးဌာနတို့ ပူးပေါင်းပြီး Town Plan ရေးဆွဲခြင်း၊ Capacity Building အစီအစဉ်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ကလောမြို့ကို ခရီးသွားလုပ်ငန်းနှင့် ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးများကို ဦးတည်ချက်ထားပြီ SAL ဆွီဒင်အဖွဲ့နှင့် ဒေတာအချက်အလက်များ ကောက်ယူခြင်း ၊ Capacity Building အစီအစဉ်နှင့် Town Plan ရေးဆွဲခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့ပြစီမံကိန်းများစနစ်တကျ ပေါ်ပေါက်မှသာလျှင် ပြည်သူများ၏ လုံခြုံရေး၊ စီးပွားရေး အဆင်ပြေစေမည်ဖြစ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကူညီပံ့ပိုးမှုများဖြင့်   စီမံကိန်းများ ရေးဆွဲနိုင်ခဲ့ကြောင်း ရှမ်းပြည်နယ်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။

” မြို့တစ်ခုဖွံ့ဖြိုးဖို့အတွက် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ဖို့ကလည်း အဓိက တစ်ချက်ပါပါတယ်၊ ဝန်ထမ်းအိမ်ရာတွေ အများကြီးဆောက်ပေးနိုင်ခဲ့တယ်၊ ရှေးဟောင်းအမွေအနှစ်တွေ ထိန်းမယ့်လုပ်ငန်းတွေ၊ မြို့ဖွံ့ဖြိုးရေးလုပ်ငန်းတွေ စတဲ့ ရေရှည်ရေတို လုပ်ငန်းတွေကို တစ်ဆင့်ချင်း ဆောင်ရွက်သွားမယ်၊ မကြာမီအတွင်း ရှမ်းပြည်နယ်ဟာ ခေတ်မီဖွံ့ဖြိုးတဲ့မြို့ဖြစ်လာမှာပါ” ဟု မြို့ပြစီမံကိန်းရေးဆွဲမှုတွင် ပါဝင်သည့်ရှမ်းပြည်နယ်မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာတစ်ဦးက ဆင်ဟွာသို့ ပြောသည်။

ရှမ်းပြည်နယ်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးဦးစီးဌာနအနေဖြင့်  ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် Town Plan များကို ရေးဆွဲပေးသည့်ဌာနတစ်ခု ဖြစ်သည့်အပြင် အငြိမ်းစားဝန်ထမ်းများနှင့် ပြည်သူ့ဝန်ထမ်းများ နေထိုင်ရေး အဆင်ပြေစေရန်အတွက် အိမ်ရာတွေဖော်ထုတ်ပြီး စီမံဆောင်ရွက်ပေးသည့် ဌာနတစ်ခုလည်း ဖြစ်ကြောင်း ၊  တောင်ကြီးမြို့တွင် အခန်းပေါင်း (၁၂၀)ပါဝင်သည့် (၅)ထပ်တိုက် (၆)လုံး ၊ တာချီလိတ်မြို့တွင် အခန်းပေါင်း (၃၆)ခန်းပါဝင်သည့် (၅)ထပ်တိုက် (၁)လုံး တိုးချဲ့ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း ၊ ဝန်ထမ်းအိမ်ရာအနေဖြင့်  မြို့နယ် (၁၀)မြို့နယ်တွင် အခန်းပေါင်း (၃၁၆)ခန်းပါဝင်သည့် တိုက် (၂၈)လုံး ဆောက်လုပ်ပေးနိုင်ခဲ့ပြီး မြို့နယ် (၂၆)မြို့နယ်တွင် အခန်းပေါင်း (၁၀၄၆)ခန်းပါဝင်သည့် တိုက် (၆၈)လုံး ဆောက်လုပ်ပေးနိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.