WORLD
(၇၅) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံက ဒီဇင်ဘာလဆန်းပိုင်းတွင် COVID-19 ကပ်ရောဂါဆိုင်ရာ အထူးအစည်းအဝေး ကျင်းပရန်ဆုံးဖြတ်
ကုလသမဂ္ဂ ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး
(၇၅) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံက ဒီဇင်ဘာ ၃ ရက် မှ ၄ ရက် အထိ ကုလသမဂ္ဂအထွေထွေညီလာခံအထူးအစည်းကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး COVID-19 ရောဂါရင်ဆိုင်ဖြေရှင်းရေးကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကိုတိုးချဲ့သွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၅ ရက်၌ အဆိုပြုချက်တစ်ခုအားအတည်ပြုဆုံးဖြတ်ခဲ့သည်။
(၇၅) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံဥက္ကဋ္ဌ Volkan Bozkir က အဆိုပြုချက်အား မဲခွဲဆုံးဖြတ်မှုမပြုလုပ်မီ မိန့်ခွန်းပြောကြားရာတွင် ကုလသမဂ္ဂအထွေထွေညီလာခံ COVID-19 ကပ်ရောဂါဆိုင်ရာအထူးအစည်းအဝေးသည် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအပေါ် သမိုင်းတွင်စေမည့်အချိန်အခါဖြစ်ပြီး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအတွက် စစ်ဆေးမှုတစ်ရပ်လည်း ဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် ချက်ချင်းဆောင်ရွက်မှုများပြုလုပ်ပြီး အားအနည်းဆုံးသောအသိုင်းအဝိုင်းကို ကာကွယ်ရမည်ဖြစ်ကြောင်း ၊ COVID-19 ရောဂါကြောင့်သေဆုံးခဲ့ရသူများအတွက် ဝမ်းနည်းမိကြောင်းနှင့် လူသားတို့၏ တူညီသော အနာဂတ်ကို ထိန်းသိမ်းကာကွယ်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပြုချက်အရ ကုလသမဂ္ဂအထွေထွေညီလာခံ COVID-19 ကပ်ရောဂါဆိုင်ရာအထူးအစည်းအဝေး တွင် ဖွင့်ပွဲအခမ်းအနား ၊ ပိတ်ပွဲအခမ်းအနား နှင့် ပုံမှန်ဆွေးနွေးပွဲ ဟူ၍ အပိုင်းသုံးပိုင်းခွဲထားပြီး နိုင်ငံအသီးသီး ၏ ခေါင်းဆောင်များ နှင့် အစိုးရခေါင်းဆောင်များတက်ရောက်ရန် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ၊ COVID-19 ကပ်ရောဂါကြောင့် နယူးယောက်မြို့ ရှိ ကုလသမဂ္ဂဌာနချုပ်သို့ ကိုယ်တိုင် အစည်းအဝေးတက်ရောက်ရန် မလာရောက်နိုင်သည့် နိုင်ငံခေါင်းဆောင်များ ၏ ကြိုတင်ရိုက်ကူးထားသည့် ဗီဒီယိုမိန့်ခွန်းကို ထုတ်လွှင့်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။
COVID-19 ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ ကုလသမဂ္ဂအထွေထွေညီလာခံ က COVID-19 ကပ်ရောဂါ နှင့်သက်ဆိုင်သော အဆိုပြုချက် ၄ ခုကို အတည်ပြုပေးခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဖြင့် စည်းလုံးညီညွတ်စွာ အပြန်အလှန်ကူညီထောက်ပံ့၍ COVID-19 ကပ်ရောဂါအား ရင်ဆိုင်ဖြေရှင်းသွားရမည်ဖြစ်ကြောင်း ၊ ကမ္ဘာ့နိုင်ငံအသီးသီးတို့မှ COVID-19 ရောဂါ ရင်ဆိုင်နိုင်ရန်အတွက် ဆေးဝါး ၊ ကာကွယ်ဆေး နှင့် ဆေးဘက်ဆိုင်ရာစက်ပစ္စည်းများ ရရှိမှု အာမခံချက်ရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း တိုက်တွန်းခဲ့သည်။ ကုလသမဂ္ဂလုံခြုံရေး ကောင်စီအနေဖြင့်လည်း ဇူလိုင် ၁ ရက် ၌ COVID-19 ကပ်ရောဂါဆိုင်ရာ အဆိုပြုချက် တစ်ခုကို အတည်ပြုခဲ့ပြီး ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ပွားနေသည့် အဘက်ဘက်တို့အား အပစ်အခတ်ချက်ချင်းရပ်စဲရန် တောင်းဆိုခဲ့ကာ အပစ်အခတ်ရပ်စဲသည့် ရက်ပေါင်း ၉၀ အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဝင်ရောက်နိုင်ရန်ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)