Connect with us

WORLD

အမေရိကန်နိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်ထပ်တိုးတည်ပြုလူနာ အရေအတွက် ၁ သိန်းကျော် ရက်ပေါင်း (၂၀) ကျော်ဆက်တိုက်ရှိခဲ့၊ ဟန်ဂေရီနိုင်ငံတွင် တစ်ရက်အတွင်း အတည်ပြုလူနာနှင့်သေဆုံးလူနာဦးရေ စံချိန်တင် မြင့်တက်

အမေရိကန်နိုင်ငံ မိုင်ယာမီမြို့တွင် အမျိုးသားတစ်ဦး ကိုရိုနာဗိုင်းရပ်စ် ဆေးစစ်မှုခံယူနေသည်ကို နိုဝင်ဘာ ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၃၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

အမေရိကန်နိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်ထပ်တိုးတည်ပြုလူနာ အရေအတွက် (၁) သိန်းကျော် ရက်ပေါင်း (၂၀) ကျော် ဆက်တိုက်ရှိနေခဲ့ပြီး ဟန်ဂေရီနိုင်ငံတွင် တစ်ရက်အတွင်း အတည်ပြုလူနာနှင့်သေဆုံးလူနာဦးရေ စံချိန်တင် မြင့်တက်လျက်ရှိကြောင်း နိုဝင်ဘာ ၂၉ ရက်အထိ ရရှိသော သတင်းများအရ သိရသည်။

(၁) ကမ္ဘာလုံးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်သော ကိန်းဂဏန်းများအရ ဗဟိုဥရောပ စံတော်ချိန်(CET) နိုဝင်ဘာ ၂၉ ရက် ၁၆ နာရီ ၂၁ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ အရေအတွက်သည် ပြီးခဲ့သောရက်ကထက် ၅၆၄,၈၁၃ ဦး တိုးမြင့်လာပြီး အသစ်ထပ်တိုးသေဆုံးသူ ၈,၉၈၅ ဦး ရှိရာ စုစုပေါင်း အတည်ပြုလူနာ ၆၁,၈၆၉,၃၃၀ ဦး နှင့် စုစုပေါင်း သေဆုံးသူ ၁,၄၄၈,၈၉၆ ဦး ရှိကြောင်း သိရသည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ မြင်ကွင်းတစ်နေရာအား နိုဝင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ ပေကျင်း စံတော်ချိန် နိုဝင်ဘာ ၃၀ ရက် ၇ နာရီ ၂၇ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၆၂,၆၂၉,၇၉၇ ဦး၊ စုစုပေါင်း သေဆုံးသူ ၁,၄၅၇,၉၉၈ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံသည် တစ်ကမ္ဘာလုံးတွင် ကပ်ရောဂါအခြေအနေ အဆိုးဝါးဆုံး နိုင်ငံဖြစ်ပြီး စုစုပေါင်းအတည်ပြုလူနာ ၁၃,၃၆၃,၁၈၂ ဦး နှင့် သေဆုံးသူ ၂၆၆,၈၁၃ ဦး ရှိကြောင်း သိရသည်။

(၂) သတင်းအချက်အလက်များ

အမေရိကန်နိုင်ငံတွင် နိုဝင်ဘာ ၂၇ ရက်က ကိုဗစ် အသစ်ထပ်တိုး အတည်ပြုလူနာ ၁၇၆,၀၀၀ ကျော်ရှိခဲ့ကြောင်း အမေရိကန် ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာ(CDC)၏ နိုဝင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။ ၎င်းမှာ အမေရိကန်နိုင်ငံ၏ တစ်ရက်အတွင်း ထပ်တိုးအတည်ပြုလူနာ ၁ သိန်းကျော်ဖြစ် ရက် ၂၀ ဆက်တိုက် ရှိနေခဲ့ခြင်း ဖြစ်သည်။

ဟန်ဂေရီနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ အသစ်ထပ်တိုးအတည်ပြုလူနာ ဦးရေသည် ၆,၈၁၉ဦး၊ ထပ်တိုးသေဆုံးသူ ၁၅၆ ဦး ရှိရာ ၎င်းမှာ စံချိန်တင်တိုးမြင့်လာခြင်းဖြစ်ကြောင်း ယင်းနိုင်ငံ ကိုဗစ် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာ၏ နိုဝင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများက ဖော်ပြထားသည်။ ဟန်ဂေရီတွင် စုစုပေါင်းအတည်ပြုလူနာ ၂၁၁,၅၂၇ ဦး ၊ စုစုပေါင်းသေဆုံးသူ ၄,၆၇၂ ဦး ၊ရောဂါသက်သာပျောက်ကင်းသူစုစုပေါင်း ၅၅,၆၃၇ ဦး ရှိကြောင်း သိရသည်။

ဩစတြီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီး Klaudia Tannerသည် နိုဝင်ဘာ ၂၉ ရက်က ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုတွင် positiveဖြစ်ခဲ့ကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက ယင်းနေ့တွင် ပြောကြားခဲ့သည်။ Klaudia Tanner၏ အခြေအနေက ကောင်းမွန်ပြီး ရောဂါလက္ခဏာမပြကြောင်း၊ အိမ်တွင် သီးခြားနေထိုင်ကာ အဝေးမှရုံးလုပ်ငန်းများတာဝန်များကို ထမ်းဆောင်လျက်ရှိ‌ကြောင်း ဆိုသည်။ Klaudia Tannerသည် ဩစတြီးယားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည့် ဒုတိယမြောက်ဝန်ကြီးဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး Schallenbergသည် အောက်တိုဘာ လလယ်က ကူးစက်ခံခဲ့ရကြောင်း သိရသည်။

အီရတ်နိုင်ငံတွင် နိုဝင်ဘာ ၂၉ ရက်က ထပ်တိုးအတည်ပြုလူနာ ၁,၆၁၄ ဦးဖြင့် စုစုပေါင်း အတည်ပြုလူနာ ၅၅၀,၄၃၅ ဦး ရှိကြောင်း ယင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်သည့် ကိန်းဂဏန်များက ဖော်ပြထားသည်။ လက်ရှိ အီရတ်တွင် နေ့စဉ်ထပ်တိုးအတည်ပြုလူနာ အများဆုံးကာလ လေးငါးထောင် မှ ၂,၀၀၀ ခန့် သို့ ပြန်လည်ကျဆင်းသွားခြင်း ဖြစ်သော်လည်း Ninevehပြည်နယ် စသည့်နေရာများတွင် အတည်ပြုလူနာ ဦးရေ အများအပြားတိုးပွားလျက်ရှိပြီး ကျန်းမာရေးစနစ်သည် အကြမ်းဖက်တိုက်ဖျက်ရေး စစ်ပွဲတွင် ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

မွန်ဂိုလီးယားနိုင်ငံ ဦလန်ဘာတာမြို့နှင့် Selengeပြည်နယ်၊ Arkhangaiပြည်နယ်တွင် ကပ်ရောဂါတိုက်ဖျက်ရေးရလဒ်ကို ခိုင်မာအောင် တပ်လှန့်ထားမှုအခြေအနေကို ဒီဇင်ဘာ ၁၁ ရက် ၆ နာရီအထိ တိုးမြှင့်ထားကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ တစ်နိုင်ငံလုံးအတိုင်းအတာ ဆက်တိုက်ပျံ့နှံ့မှုကို ဖြေရှင်းရန်အတွက် တောင်ကိုရီးယားတွင် ဒီဇင်ဘာ ၁ရက်မှစ၍ မြို့တော် ဆိုးလ်မြို့နှင့် ၎င်းအနီးတစ်ဝိုက် အင်ချွန်း၊ Gyeonggi စသည့်ဒေသများအပြင် အခြားဒေသများ၏ Social distanceကို အဆင့် ၁.၅ သို့ တိုးမြှင့်ကာ ရက်သတ္တပတ် နှစ်ပတ်ကြာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ ဝန်ကြီးချုပ် Chung Sye-kyun က နိုဝင်ဘာ ၂၉ ရက်တွင် ကြေညာခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံတွင် ကိုဗစ်-၁၉ အသစ်ထပ်တိုးအတည်ပြုလူနာ ၇ ဦး ရှိပြီး ၎င်းတို့အနက် ၆ ဦးသည် ရပ်ကျေးကူးစက်မှုများဖြစ်ကြောင်း ယင်းကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။ ၎င်းမှာ ကမ္ဘောဒီယားနိုင်ငံ၌ ပထမဆုံး ရပ်ကျေးကူးစက်မှုကို တွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.