Connect with us

WORLD

ရုရှားနိုင်ငံတွင် စစ်မှုထမ်း ၄၀၀,၀၀၀ ကျော်ကို COVID-19 ကာကွယ်ဆေးထိုးရန် စီစဉ်

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ Gamaleya ကူးစက်ရောဂါနှင့် အဏုဇီဝဗေဒ သိပ္ပံပညာရပ်ဆိုင်ရာ သုတေသန အင်စတီကျုမှ ဖော်ထုတ်ထားသော နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို သုတေသီတစ်ဦးက ပြသနေစဉ် (ဓာတ်ပုံ- RDIF/Handout via Xinhua)

မော်စကို၊ နိုဝင်ဘာ ၂၈ ရက်(ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

ရုရှားနိုင်ငံရှိ စစ်မှုထမ်းဦးရေ ၄၀၀,၀၀၀ ကျော်ကို COVID-19 ကာကွယ်ဆေး ထိုးပေးရန် စီစဉ်ထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Sergei Shoigu က နိုဝင်ဘာ၂၇ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ ဆုံးဖြတ်ချက်သည် ရုရှားသမ္မတရုံး၏ အမိန့်နှင့်အညီ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း Sergei Shoigu က ကာကွယ်ရေးဝန်ကြီးဌာန ဘုတ်အဖွဲ့အစည်းအဝေးအတွင်း ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“လက်ရှိအချိန်အထိ စစ်မှုထမ်းဦးရေ ၂,၅၀၀ ကျော်ကို ကာကွယ်ဆေးထိုးနှံထားပြီးဖြစ်သလို ယခုနှစ်အကုန်တွင် ကာကွယ်ဆေးထိုးနှံပြီးသူဦးရေ ၈၀,၀၀၀ အထိရှိလာမည်ဖြစ်ကြောင်း” ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ရုရှားနိုင်ငံသည် Sputnik V နှင့် EpiVacCorona အမည်ရှိသော COVID-19 ကာကွယ်ဆေးနှစ်မျိုးကို ဖော်ထုတ်ပြီးဖြစ်ပြီး လက်ရှိတွင် တတိယမြောက် ကာကွယ်ဆေးကိုလည်း ထုတ်လုပ်လျက်ရှိကာ ၂၀၂၀ ပြည့်နှစ်အကုန်တွင် လက်တွေ့စမ်းသပ်မှုများ ပြီးစီးနိုင်ကြောင်း သိရသည်။

ရုရှားနိုင်ငံအနေဖြင့် နှစ်သစ်မတိုင်မီ ဗိုင်းရပ်စ်တိုက်ဖျက်ရန် စေတနာ့ဝန်ထမ်း အများအပြားပါဝင်မည့် ကာကွယ်ဆေးထိုးနှံခြင်း စတင်ရန် ရည်ရွယ်ထားပြီး တစ်ဆင့်ချင်းစီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကရင်မလင်နန်းတော် ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov က နိုဝင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)