Connect with us

WORLD

အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါဖြင့် ဆေးရုံတင်ရသူ အရေအတွက် အမြင့်ဆုံးရောက်ရှိ

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ရှိ ဂျော့ဝါရှင်တန် တက္ကသိုလ်ဆေးရုံတွင် COVID-19 လူနာတစ်ဦးအား လူနာတင်ယာဉ်ပေါ်မှ အောက်သို့သယ်ချနေသည်ကို ဧပြီ ၂၇ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန်၊ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

အမေရိကန်နိုင်ငံတွင် နိုဝင်ဘာ ၂၉ ရက်က ဆေးရုံတင်ထားရသူ ၉၃,၂၃၈ ဦးရှိခဲ့ရာ ယင်းမှာ COVID-19 ရောဂါဖြင့်ဆေးရုံတက်ရောက်ကုသမှုခံယူရသည့် အမြင့်ဆုံး အရေအတွက်သို့ စံချိန်တင်ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း COVID-19 ရောဂါ ခြေရာခံစီမံချက်၏ နောက်ဆုံးထုတ်ပြန်သော ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။

နိုဝင်ဘာ ၂၈ ရက်က အမေရိကန်နိုင်ငံ၌ ဆေးရုံတက်ရောက် ကုသမှု ခံယူရသည့် လူနာအရေအတွက်မှာ ၉၁,၆၃၅ ဦးရှိခဲ့သည်။ မကြာသေးမီ ရက်များအတွင်း အမေရိကန်နိုင်ငံတွင် နေ့စဉ် COVID-19 ရောဂါဖြင့် ဆေးရုံတင်ရသူ အရေအတွက် အမြင့်ဆုံးစံချိန်ရောက်ရှိခဲ့ကြောင်း နှင့် နိုင်ငံတစ်ဝန်းတွင်လည်း ကူးစက်မှုမြင့်တက်နေသည့်အတွက် ဆေးရုံဝန်ထမ်းများနှင့်ကျန်းမာရေးလုပ်သားများအနေဖြင့် အပြင်းအထန်ကြိုးစားလုပ်ကိုင်နေရကြောင်း သိရသည်။

အမေရိကန်နိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ရေး နှင့် ကြိုတင်ကာကွယ်ရေးဌာန(CDC) ၏ ထုတ်ပြန်ချက်အရ နိုဝင်ဘာ ၂၉ ရက် တွင် COVID-19 ရောဂါ ကူးစက်မှုအသစ် ၁၅၂,၆၀၈ ဦးရှိခဲ့ရာ ယင်းမှာ နိုင်ငံအတွင်း နေ့စဉ်ကူးစက်မှုအသစ် တစ်သိန်းကျော်ဖြင့် ၂၂ ရက်ဆက်တိုက် ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လာမည့် ၄ ပတ်အတွင်း COVID-19 ရောဂါဖြင့် သေဆုံးမှုသစ် အရေအတွက်သည် ဆက်လက်မြင့်တက်နိုင်ပြီး ဒီဇင်ဘာ ၁၉ ရက်အထိ ယခုရက်သတ္တပတ်များအတွင်း နေ့စဉ်သေဆုံးမှုအရေအတွက်သည် ၁၀,၆၀၀ ဦး မှ ၂၁, ၄၀၀ ဦးထိ ရှိနိုင်ကြောင်း CDC က ခန့်မှန်းထားသည်။

ထို့ပြင်လာမည့် ဒီဇင်ဘာ ၁၉ ရက်အထိ အမေရိကန်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သေဆုံးသူပေါင်း ၂၉၄,၀၀၀ ဦးမှ ၃၂၁,၀၀၀ ဦးထိ ရောက်ရှိနိုင်ကြောင်းလည်း CDC က ခန့်မှန်းထားသည်။ အမေရိကန်နိုင်ငံတွင် နိုဝင်ဘာ ၃၀ ရက် ညနေပိုင်းအထိ COVID-19 ရောဂါဖြင့်သေဆုံးသူ ၂၆၇,၄၀၀ ဦးအပါအဝင် စုစုပေါင်း ကူးစက်ခံရသူ ၁၃.၄၅ သန်းရှိကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ အချိန်နှင့်တစ်ပြေးညီထုတ်ပြန်ချက်အရ သိရသည်။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.