Connect with us

Environment, Disasters & Accidents

မိတ္ထီလာ တပ်နယ်မှ Bell-206 အမျိုးအစား ရဟတ်ယာဉ် စက်ချို့ယွင်း မှုကြောင့် မုန်တိုင်ဆည် အတွင်း ထိုးဆင်း ပျက်ကျ

ပျက်ကျသွားသော ရဟတ်ယာဉ် အစိတ်အပိုင်း အချို့အား တွေ့ရစဉ် (ဓာတ်ပုံ-တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

မိတ္ထီလာ တပ်နယ်၊ လေကြောင်း အတတ်သင် လေတပ်စခန်းဌာနချုပ်မှ Bell-206 အမျိုးအစား ရဟတ်ယာဉ် အမှတ် ၀၁၂၅ သည် ယနေ့နံနက် လေ့ကျင့် ပျံသန်းမှု ဆောင်ရွက်စဉ် စက်ချို့ယွင်းမှုကြောင့် မိတ္ထီလာမြို့ မုန်တိုင်ဆည်အတွင်း ထိုးဆင်း ပျက်ကျခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်သည်။

ယင်း ပျက်ကျသွားသော ရဟတ်ယာဉ်မှ လေသူရဲ ဗိုလ်မှူး ဝင်းအောင်နှင့် ဗိုလ်မှူး ခွန်ကျော်လှိုင် တို့အား ရေထဲ ပျက်ကျချိန်တွင် ဆည်အတွင်းရှိ ငါးဖမ်းလှေများက ချက်ချင်း ဆယ်ယူနိုင်ခဲ့ပြီး အဆိုပါ နှစ်ဦးသည် မျက်နှာတွင် ပွန်းပဲ့ ဒဏ်ရာ (မစိုးရိမ်ရ) အနည်းငယ်မျှသာ ရရှိခဲ့သည်။

အဆိုပါ ရဟတ်ယာဉ်သည် မုန်တိုင် ဆည်အတွင်း ကမ်းစပ်မှ ပေ ၅၀၀ အကွာ ရေပြင်အထက် ပေ ၃၀၀ ခန့်တွင် ရုတ်တရက် စက်ချို့ယွင်း၍ ရေထဲသို့ ထိုးဆင်း ပျက်ကျခဲ့ခြင်း ဖြစ်သည်။

ယင်း Bell-206 ရဟတ်ယာဉ်သည် ၁၉၇၇ ခုနှစ်တွင် ထုတ်လုပ်ခဲ့ပြီး အကြောင်း အမျိုးမျိုးကြောင့် အသုံးမပြုနိုင်တော့ သဖြင့် ၂၀၁၂ ခုနှစ်တွင် ပြည်ပ ကုမ္ပဏီ တစ်ခုနှင့် အကြီးစား ပြင်ဆင်မှုများ ပြုလုပ်၍ လေ့ကျင့်ရေး ရဟတ်ယာဉ် အဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်သည်။

ပျက်ကျ ရဟတ်ယာဉ်မှာ မုန်တိုင်ဆည်အတွင်း နစ်မြှုပ်သွားခဲ့ပြီး ရဟတ်ယာဉ် ပျက်ကျမှု ဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ် အခြေအနေများအား စုံစမ်း စိစစ်လျက် ရှိကြောင်း သတင်းရရှိသည်။ (Xinhua)