Latin America
မက္ကဆီကို နိုင်ငံ အလယ်ပိုင်းနှင့် အရှေ့တောင်ပိုင်း အဝေးပြေးလမ်းမကြီး ယာဉ်တိုက်မှုတွင် ၁၈ ဦး သေဆုံး
မက္ကဆီကို စီးတီး၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)
မက္ကဆီကိုနိုင်ငံ အလယ်ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့၌ အဝေးပြေးလမ်းမကြီးပေါ်တွင် ဇူလိုင်လ ၄ ရက် တစ်ရက်တည်းတွင် ယာဉ်တိုက်မှု နှစ်ခု သီးခြားစီ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
Veracruz ပြည်နယ် Acayucan မြို့မှ Quintana Roo ပြည်နယ် အရှေ့တောင်ပိုင်းရှိ ကာရေဘီယံ ကမ်းခြေ အပန်းဖြေ စခန်း Cancun သို့ သွားရောက်မည့် ခရီးသွား ဧည့်သည် ၅၀ ဦးအား တင်ဆောင်လာသည့် ဘတ်စ်ကား တစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ ဇူလိုင်လ ၄ ရက် နံနက် ၄း၃၀ နာရီ အချိန်တွင် Felipe Carrillo Puerto မှTulum သို့ ချိတ်ဆက်ထားသည့် အဝေးပြေး လမ်းမကြီး အပိုင်းပေါ်၌ တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုတွင် အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ကာ ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မီဒီယာများ၏ သတင်း တင်ပြချက်များအရ သိရသည်။
ယာဉ်မောင်းက ထွက်ပြေးသွားခဲ့ကြောင်းနှင့် အသက် ၂ လအရွယ် မွေးကင်းစ ကလေးငယ်တစ်ဦးလည်း သေဆုံးခဲ့ကြောင်း Proceso အွန်လိုင်း သတင်းစာ၌ ဖော်ပြထားသည်။
နောက်ထပ် ယာဉ်တိုက်မှု တစ်ခုမှာ ယင်းနေ့ ဒေသစံတော်ချိန် နံနက် ၈း၀၀ နာရီ အချိန်တွင် ဆောက်လုပ်ရေး အလုပ်သမား ၁၁ ဦးအား တင်ဆောင်လာသော ပစ်ကပ်ကားကြီး တစ်စီးသည် Puebla မြို့နှင့် Veracruz ပြည်နယ် Orizaba မြို့သို့ ချိတ်ဆက်ထားသည့် အဆိုပါ အဝေးပြေး လမ်းမကြီးအပိုင်းပေါ်၌ လမ်းပြောင်းပြန် မောင်းသွားကာ ကုန်တင် နောက်တွဲယာဉ်ကြီး တစ်စီးနှင့် တိုက်မိသောကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ ကြောင်း သိရသည်။
ယင်း ယာဉ်တိုက်မှုတွင် လူ ၅ ဦးမှာ အခင်း ဖြစ်ပွားသည့် နေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကယ်ဆယ်ရေး သမားများက ဒဏ်ရာ ရရှိသူများအား ဆေးရုံသို့ ပို့ဆောင်ခဲ့စဉ် တစ်ဦး ထပ်မံ သေဆုံးခဲ့သည်။ ကုန်တင်ပို့ နောက်တွဲယာဉ်ကြီး မောင်းနှင်သူအား စုံစမ်းစစ်ဆေးရန် ရဲတပ်ဖွဲ့မှ ထိန်းသိမ်းထားကြောင်း သိရသည်။ (Xinhua)