Environment, Disasters & Accidents
ပခုက္ကူမြို့နယ် ကမ္မမြို့တွင် ရေနံပိုက်လိုင်းပေါက်မှုဖြစ်ပွား
ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)
ယနေ့နံနက် ၈နာရီတွင် ပခုက္ကူမြို့နယ်ရှိ ကမ္မမြို့ အမှတ် (၂) ရပ်ကွက်နေ ဦးမျိုးဝင်း(ဘ)ဦးထွန်းရွှေ နေထိုင်သော ခြံဝင်းအတွင်း ကျောက်ခွက်-လက်ပံတိုရေနံမြေမှ အရာတော် ရေနံမြေသို့ သွယ်တန်းပို့လွှတ်သော ရေနံပိုက်လိုင်းမှ ရေနံများပေါက်ထွက်ခဲ့ကြောင်း ထိခိုက်မှုတစုံတရာ မရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
ဦးမျိုးဝင်းအိမ် တောင်ဘက် နှစ်အိမ်ကျော်ရှိ ဦးလူချင်း (ဘ) ဦးစိုး ၏ နေအိမ်ဝိုင်းအတွင်းမှလည်း အဆိုပါရေနံပိုက်လိုင်းမှ ရေနံများ ပေါက်ထွက်၍ လမ်းပေါ်သို့ထွက်လာသဖြင့် ရေနံပိုက်လိုင်းပေါက်မှုဖြစ်ပွားရာနေရာသို့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းသက်ခိုင်၊ ကမ္မစခန်းမှူးရဲအုပ် မျိုးသန့်စိန်နှင့် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ လုံခြုံရေး ဆောင်ရွက်ခဲ့ပြီး သာကြီးတောင် ရေနံမြေနှင့် ကျောက်ခွက် ရေနံမြေမှ တာဝန်ရှိသူများထံသို့ ချက်ချင်း သတင်းပေးပို့ခဲ့ကြောင်း သိရသည်။
နံနက် ၈ နာရီ ၂၅ မိနစ် အချိန်ခန့်တွင် ကျင်းတူးပြီး ထိန်းသိမ်းခဲ့ရာ ၈ နာရီ ၃၀ အချိန်ခန့်တွင် သာကြီးတောင် ရေနံမှ အင်ဂျင်နီယာမှူး ဦးဝင်းဦးပါ ၁၃ ဦးမှ အဆိုပါရေနံပိုက်လိုင်းအား ဖာထေးဆောင်ရွက်ခဲ့ရာ နံနက် ၁၀ နာရီအချိန်ခန့်တွင် ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ကြောင်း၊ လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိပါကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)