Asia
အိန္ဒိယမြို့တော်ရှိ တရားမဝင် ကာစီနိုဝိုင်း ရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်း
နယူးဒေလီ၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ အမျိုးသား မြို့တော် နယူးဒေလီရှိ တရားမဝင် ကာစီနိုဝိုင်း တစ်ခုအား ရဲတပ်ဖွဲ့က ဝင်ရောက် စီးနင်းခဲ့ရာ ၃၆ ဦးအား ဖမ်းဆီးမိခဲ့ကြောင်း အများစုမှာ စီးပွားရေးသမားများ ဖြစ်ကြောင်း သိရသည်။
သတင်းပေးချက်အရ ဒေလီ ရဲတပ်ဖွဲ့ အရာရှိများ ဦးဆောင်သည့် တပ်ဖွဲ့က ဒေလီမြို့တောင်ဘက် Neb Sarai မြို့ရှိ လယ်တောအိမ် တစ်အိမ်အား အောက်တိုဘာလ ၂၃ ရက် ညနေပိုင်းက အငိုက်ဝင်ဖမ်းခဲ့ခြင်း ဖြစ်သည်။
“လူ ၃၆ ဦးကို စားပွဲ၊ တိုကင်ပြားတွေ၊ အံစာတုံးတွေနဲ့အတူ ဖမ်းမိခဲ့တယ်၊ သူတို့ကို ဒေလီ လောင်းကစား ဥပဒေနဲ့ မှတ်တမ်းတင် အရေးယူထားတယ်” ဟု ဒေလီ ရဲတပ်ဖွဲ့ ဒုတိယ ရဲမင်းကြီး အီရှဝါ ဆင်းက မီဒီယာသို့ ပြောသည်။
ဖမ်းမိသူများနှင့်အတူ အရက်ပုလင်းများ၊ ဇိမ်ခံကား ၁၀ စီးကျော်လည်း ဖမ်းမိခဲ့ကြောင်း၊ ကာစီနိုဝိုင်း ပြုလုပ်သည့် အိမ်ရှင် ဟာနန်ဒရာ ကူရှစ်နှင့် ကာစီနိုဝိုင်းအား ကြိုးကိုင်သူ ကူနယ်လ် ချန်ဒရာတို့အား လက်ပူးလက်ကြပ် ဖမ်းမိခဲ့ကြောင်း အခြား အရာရှိတစ်ဦးက ပြောသည်။
လောင်းကစားခြင်းသည် ဒေလီ၌ တရားမဝင်လုပ်ငန်းဖြစ်သည်။ (Xinhua)