Environment, Disasters & Accidents
Capital Hypermarket၌ ဖြစ်ပေါ်ခဲ့သော အသေးစားပေါက်ကွဲမှုအား အမှုဖွင့်စစ်ဆေးနေဟုဆို
ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်ရှိ Capital Hypermarket ဈေးဝယ်စင်တာ၌ ဖြစ်ပေါ်ခဲ့သော အသေးစားပေါက်ကွဲမှုအား အမှုဖွင့် စစ်ဆေးနေကြောင်း ဒေါပုံမြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါ ဈေးဝယ်စင်တာ၌ နိုဝင်ဘာ ၂၀ရက်နေ့ ညနေ ၅နာရီကျော်ခန့်က အသေးစားပေါက်ကွဲမှု လေးနေရာဖြစ်ပေါ်ခဲ့ပြီး ယင်းပေါက်ကွဲမှုဖြစ်စဉ်ကို ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းအက်ဥပဒေ ပုဒ်မ (၃)ဖြင့် အရေးယူထားကြောင်း သိရသည်။
“လက်လုပ်ပစ္စည်းကြောင့် အသေးစား ပေါက်ကွဲမှုဖြစ်ခဲ့တယ်၊ အမှုဖွင့်ထားပါတယ်၊ ဒေါပုံမြို့နယ်ရဲစခန်းမှာပါ၊ ရဲကဖြစ်စဉ်ပေါ် အမှုဖွင့်ထားတယ်၊ ကျွန်မတို့က လိုအပ်တာတွေ ပူးပေါင်းဆောင်ရွက်ပေးနေပါတယ်”ဟု Capital Hypermarket၏ အထွေထွေ မန်နေဂျာ ဒေါ်သွယ်သွယ်မိုးက ယနေ့ ဈေးဝယ်စင်တာ၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ယင်းပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေးစိတ်ကို မသိရှိရသေးဘဲ ပေါက်ကွဲမှုနှင့် ပတ်သက်သော စစ်ဆေးမှုများကို သက်ဆိုင်ရာ အဖွဲ့အစည်းများအား ပူးပေါင်းဆောင်ရွက်ပေးနေကြောင်း ၎င်းက ဆိုသည်။
Capital Hypermarketတွင် နိုဝင်ဘာ ၂၀ရက်နေ့၌ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့သော နေရာအားလိုက်လံပြသစဉ် (ဓာတ်ပုံ-ဆင်ဟွာ)
“ level 2ကနေစပြီး အသံထွက်လာတယ်၊ ပြီးတော့ level 1မှာ နှစ်ကြိမ် ထပ်မံအသံထွက်လာတယ်၊ အသံမြည်တယ်၊ မီးခိုးထွက်တဲ့ အဆင့်ပါပဲ၊ လူထိခိုက်မှု မရှိပါဘူး”ဟု ဒေါ်သွယ်သွယ်မိုးက ပြောသည်။
အသေးစားပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့သော Capital Hypermarket ဈေးဝယ်စင်တာကို ယနေ့ နိုဝင်ဘာ ၂၁ရက်နေ့ နေ့လည် ၂နာရီတွင် ပြန်လည်ဖွင့်လှစ် ရောင်းချသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
M-150 အချိုရည်ပုလင်းအတွင်းမှ ဓာတုဗေဒဆေးရည်တစ်မျိုးထည့်၍ အခြားဓာတု ပစ္စည်းပါရှိသော ဖန်ပြွန်တစ်ခုကို ပုလင်းအတွင်း၌ထည့်၍ထောင်ထားပြီး ဈေးဝယ်စင်တာအတွင်းရှိ အချိုရည်များ၊ မုန့်များရောင်းချ သည့်စင်ပေါ်တွင် ထားရှိခဲ့သဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မိုင်းရှင်းလင်းရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ ရှော့ပင်းစင်တာအပေါ်ထပ်ရှိ လိုင်းနံပတ် ၂၄နှင့် ၂၆တွင် ညနေ ၅နာရီ ၅၅မိနစ်တွင် နှစ်ကြိမ်၊ မြေညီထပ်ရှိ လိုင်းနံပတ် ၁နှင် လေးတွင် ၆နာရီကျော်တွင် နှစ်ကြိမ် အသေးစားပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ယင်းပေါက်ကွဲမှုနှင့် ပတ်သတ်ပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း ဒေါပုံမြို့နယ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။(Xinhua)