Connect with us

Environment, Disasters & Accidents

ရခိုင်ပြည်နယ်ရှိ တရားမဝင် လှေများ၊ ငါးဖမ်းရေယာဉ်များမှ ပြည်သူ့ဘဏ္ဍာအဖြစ် ကျပ် ၂ ဒသမ၂ ဘီလျံကျော်ဖိုး သိမ်းယူရရှိ

ငါးဖမ်းလှေတစ်စီးအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

မြန်မာ့တပ်မတော် (ရေ)သည် ရခိုင်ပြည်နယ် အတွင်းရှိ ပင်လယ်ပြင်နှင့် ဆက်စပ်လျက်ရှိသော မြစ်၊ ချောင်း ဧရိယာများအတွင်း ငါးဖမ်းလှေများ၊ တရားမဝင်လှေများအား ဖမ်းမိခဲ့ရာ ၂၀၁၃ ခုနှစ် ဧပြီလမှ ၂၀၁၆ သြဂုတ်လအထိ ကာလတန်ဖိုး ကျပ် ၂ ဒသမ ၂၄ ဘီလျံ (၂,၂၄၄,၈၇၀,၀၀၀ ကျပ်) ကို ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်း အရေးယူ ဆောင်ရွက်နိုင်ခဲ့သည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ယနေ့ အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ပြောကြား ခဲ့သည်။

“၂၀၁၃ ခုနှစ် ဧပြီလမှ ၂၀၁၆ သြဂုတ်လအထိ ဓညဝတီ ရေတပ်စခန်းဌာနချုပ် စစ်ဆင်ရေး ရေပြင်အတွင်း သစ်ခိုးလှေ ၁၇ စင်း၊ ကျွဲ နွား မှောင်ခိုလှေ ၁၆ စင်း၊ မူးယစ်ဆေးဝါးသယ်လှေ ၁၂ စင်း၊ တရားမဝင် ကုန်တင်လှေ ခြောက်စင်း၊ လူမှောင်ခိုလှေ ခြောက်စင်း၊ တရားမဝင် နိုင်ငံခြား ငါးဖမ်းလှေ သုံးစင်း၊ ဖမ်းမိရေယာဉ် စုစုပေါင်း ၆၀ စင်း၊ စုစုပေါင်း ကာလတန်ဖိုး ၂,၂၄၄,၈၇၀,၀၀၀ ကျပ်အား ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်း အရေးယူ ဆောင်ရွက်နိုင်ခဲ့ပါတယ်” ဟု ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ် အမှတ်(၃) မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်၏ ရခိုင်ပြည်နယ် ရေလုပ်ငန်းကဏ္ဍဆိုင်ရာ အမေးကို ယနေ့ အမျိုးသား လွှတ်တော် အစည်းအဝေး၌ ဖြေကြားရာတွင် ဒေါက်တာ အောင်သူက ပြောခဲ့ခြင်းဖြစ်သည်။

တပ်မတော် (ရေ) သည် ဓညဝတီ ရေတပ်စခန်းဌာနချုပ်နှင့် အမှတ်(၃) ဗျူဟာ စစ်ရေယာဉ်စု ကွပ်ကဲမှု အောက်ရှိ စစ်ရေယာဉ်များဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ ပင်လယ်ပြင်နှင့် ဆက်စပ်လျက်ရှိသော မြစ်၊ ချောင်း ဧရိယာများအတွင်း တိုက်ကင်းလှည့် လှုပ်ရှား စိုးမိုးခြင်း၊ လုံခြုံရေးနှင့် ပိတ်ဆို့ရေး ဆောင်ရွက်ခြင်း၊ ပင်လယ် ပြင် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ပြုလုပ်စဉ် တွေ့ရှိရသည့် ငါးဖမ်းလှေများအား ငါးလုပ်ငန်း လုပ်ကိုင်ခွင့် နှင့် ဥပဒေ ချိုးဖောက်မှု မရှိစေရန် စနစ်တကျ စစ်ဆေးစဉ် ထိုကဲ့သို့ဖမ်းဆီး အရေးယူနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ပြည်ထောင်စု ဝန်ကြီးက ရှင်းပြသည်။

တရားဝင် ငါးဖမ်းလိုင်စင် ရယူ၍ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသော ပြည်တွင်း ပြည်ပ ကမ်းဝေး ငါးဖမ်း ရေယာဉ် များအနက် သတ်မှတ် စည်းကမ်း ဖောက်ဖျက်သည့် ရေယာဉ်အချို့အား အရေးယူခဲ့ရာ ၂၀၁၄ -၂၀၁၅ ခုနှစ် တွင် ပြည်တွင်း ငါးဖမ်းရေယာဉ် ၂၆ စင်းမှ ဒဏ်ကြေးငွေ ကျပ် သိန်း ၇၂၀၊ နိုင်ငံခြား ငါးဖမ်းရေယာဉ် နှစ်စင်းမှ ဒဏ်ကြေးငွေ အမေရိကန် ဒေါ်လာ ၂၁၀၀၀ ကိုလည်းကောင်း၊ ၂၀၁၅ ၂၀၁၆ ခုနှစ်တွင် ပြည်တွင်း ငါးဖမ်းရေ ယာဉ် နှစ်စင်းမှ ဒဏ်ကြေးငွေ ကျပ် သိန်း ၆၀ ကိုလည်းကောင်း ၂၀၁၆ -၂၀၁၇ ခုနှစ်တွင် ပြည်တွင်း ငါးဖမ်း ရေယာဉ် ခြောက်စင်းမှ ဒဏ်ကြေးငွေ ကျပ် သိန်း ၁၈၀ ကိုလည်းကောင်း နိုင်ငံတော် ဘဏ္ဍာငွေအဖြစ် ရရှိခဲ့ သည် ဟုလည်း ဒေါက်တာ အောင်သူက ပြောခဲ့သည်။

မြန်မာ့ ငါးလုပ်ငန်းဦးစီးဌာနသည် ရခိုင်ပြည်နယ်ရှိ ရေလုပ်သားများ လူနေမှု ဘ၀ မြှင့်တင်ရေးအတွက် မြစိမ်း ရောင် ကျေးရွာ စီမံကိန်း (ငါးကဏ္ဍ)ကို ဆောင်ရွက်လျက်၇ှိပြီး ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ကျေးရွာ ၁၅ ရွာ၊ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ကျေးရွာ ငါးရွာ၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ကျေးရွာ နှစ်ရွာ၊ စုစုူပေါင်း ကျေးရွာ ၁၂ ရွာ အား ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ဘူးသီးတောင်နှင့် မောင်တော ဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် သီးခြား လုပ်ငန်း စီမံချက်တစ်ရပ် ရေးဆွဲ ဆောင်ရွက်လျက်ရှိပြီး ထို လုပ်ငန်း စီမံချက်ကို ကုလသမဂ္ဂ အဖွဲ့ အစည်း များ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်း ကော်မတီသို့၂၀၁၆ ဇူလိုင် လ ၁၄ ရက်နေ့တွင် တင်ပြခဲ့ကြောင်း၊ ရခိုင်ပြည်နယ် လူမှု စီးပွား စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကော်မတီ ဖွဲ့စည်းခြင်း၊ လုပ်ငန်း ကော်မတီ ဖွဲ့စည်းခြင်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းအဖွဲ့ လည်း ပါဝင်ပါကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.