Politics, Law & Military
KIA ၊ TNLA ၊ နှင့် MNDAA လက်နက်ကိုင်များ တိုက်ခိုက်မှုကြောင့် ၈ဦးသေဆုံး၊ ၂၉ဦး ဒဏ်ရာရရှိဟု အစိုးရ ထုတ်ပြန်
ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)
မူဆယ်မြို့ နှင့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ တပ်စခန်းနှင့် ရဲတပ်ဖွဲ့စခန်းများ၊ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတို့အား KIA ၊ TNLA ၊ နှင့် MNDAA လက်နက်ကိုင်များ ဝင်ရောက် တိုက်ခိုက်ခဲ့ရမှုကြောင့် ၈ဦးသေဆုံး၊ ၂၉ဦး ဒဏ်ရာရရှိထားကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက သတင်းထုတ်ပြန်ထားသည်။
အဆိုပါ လက်နက်ကိုင်အဖွဲ့များ နိုဝင်ဘာ ၂၀ရက်နေ့ နံနက် ၂နာရီမှစ၍ တစ်ချိန်တည်း တစ်ပြိုင်တည်း တိုက်ခိုက်မှုကြောင့် တပ်မတော်သား တစ်ဦး၊ရဲတပ်ဖွဲဝင် သုံးဦး၊ပြည်သူ့စစ် တစ် ဦးနှင့် ပြည်သူ သုံးဦး စုစုပေါင်း ရှစ် ဦးသေဆုံးပြီး ရဲတပ်ဖွဲ့ဝင် ကိုးဦး၊ပြည်သူ့စစ် နှစ်ဦး နှင့် ပြည်သူ ၁၈ ဦး စုစုပေါင်း ၂၉ဦး ဒဏ်ရာရထားသည်။
ပန်ဆိုင်းနယ်မြေစခန်းနှင့် တပ်မတော် တပ်စခန်းကိုလည်းကောင်း မူဆယ်မြို့နယ်၊ မုံးကိုးမြို့ ၊ ရပ်ကွက် (၆)၊ မုံးကိုးနယ်မြေရဲစခန်းအရှေ့ဘက်ရှိ တပ်မတော်တပ်စခန်းကုန်းကိုလည်းကောင်း၊ မူဆယ်မြို့မ ရဲစခန်း၏ တောင်ဘက် ၁၈ မိုင်ခန့်အကွာ ပြည်ထောင်စုလမ်းပေါ်ရှိ နန့်ပေါ်တံတားလုံခြုံရေး ရဲကင်းကို လည်းကောင်း၊မူဆယ်မြို့ အရှေ့မြောက် ၁၂ မိုင် ခန့်အကွာ ကျင်စမ်းကျော့(ဟိုနောင်) ရဲကင်းကိုလည်းကောင်း၊ မူဆယ်မြို့မ ရဲစခန်း၏ အရှေ့တောင်ဘက် ၁၀၅ မိုင် ကုန်သွယ်ရေး စခန်းဇုန်အနီးရှိ တပ်စခန်းကုန်းကို လည်းကောင်း လက်နက်ကိုင်အဖွဲ့များသည် အင်အားအများအပြားဖြင့် လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ သည်။
နမ့်ဖတ်ကာ ရဲကင်းစခန်း၏ ၁၁ မိုင်ခန့် အကွာ ဆွမ်လုံကျေးရွာအနီး မန္တလေး- မူဆယ် ပြည်ထောင်စု ကားလမ်းမကြီး မိုင်တိုင်အမှတ် ၂၉၁/၁ အနီးရှိ ပေ ၂၀ ခန့်ရှည် ဆွမ်လုံတံတားပေါ်တွင် မိုင်းပေါက်ကွဲမှုကြောင့် တံတားထိခိုက်ပျက်စီးခဲ့ပြီး လက်နက်ကိုင်အဖွဲ့များက နန့်ပေါ်တံတားအား မိုင်းဖေါက်ခွဲခြင်း၊ တံတားအနီးရှိ ဈေးဆိုင် (၃) ဆိုင်အား မီးရှို့ခြင်း၊ သိန္နီမြို့ နမ္မတူ တံတားအား ပါဂျဲရိုး ယာဉ်ဖြင့် ဗုံးဖေါက်ခွဲခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။(Xinhua)