Asia
သက္ကရာဇ် ၂၀၃၀ တွင် အိတ်ချ်အိုင်ဗီ (HIV) ကင်းစင်ရန် သီရိလင်္ကာ ရည်ရွယ်ထား
ကိုလံဘို၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)
သီရိလင်္ကာနိုင်ငံသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များ၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် သက္ကရာဇ် ၂၀၃၀ ခုနှစ်တွင် အေအိုင်ဒီအက်စ် ကပ်ရောဂါ ပပျောက်ရေး အားထုတ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ (UNFPA) က ပြောကြားလိုက်သည်။
ယင်း ရည်မှန်းချက်သည် သီရိလင်္ကာနိုင်ငံ၏ အမျိုးသား ကွန်ဒုံး မဟာဗျူဟာ ၂၀၁၆-၂၀၂၀ ငါးနှစ်တာ စီမံကိန်းအား အကောင်အထည်ဖော်ရန်အတွက် အထောက်အပံ့ဖြစ်စေမည် ဖြစ်ပြီး ကွန်ဒုံးအား မှန်ကန်စွာနှင့် ပုံမှန် သုံးစွဲခြင်းသည် လိင်ဆက်ဆံခြင်းမှတဆင့် အိတ်ချ်အိုင်ဗီ ကူးစက်မှုအား ထိရောက်စွာ ကာကွယ်ပေးသည့် နည်းလမ်း တစ်ခု ဖြစ်ကြောင်း UNFPA က ပြောသည်။
“ကွန်ဒုံး သုံးစွဲရေး အစီအစဉ်တွင် UNFPA နဲ့အတူ သီရိလင်္ကာ အစိုးရက နီးကပ်စွာ ပါဝင်လာတဲ့အတွက် ဝမ်းမြောက်ပါတယ်” ဟု သီရိလင်္ကာနှင့် မော်လ်ဒိုက် နိုင်ငံဆိုင်ရာ UNFPA ဋ္ဌာနေ ကိုယ်စားလှယ် Alain Sibenaler က ပြောသည်။
အခြား တောင်အာရှနိုင်ငံများနှင့် နှိုင်းယှဉ်ပါက သီရိလင်္ကာနိုင်ငံသည် HIV/AIDS ကူးစက်မှုနှုန်း လျော့ကျသည့် နိုင်ငံတစ်နိုင်ငံ အဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်။
သီရိလင်္ကာနိုင်ငံတွင် HIV/AIDS ကူးစက်ခံရသူ အများစုမှာ အသက် ၂၅ နှစ်မှ ၄၅ နှစ်အတွင်း ဖြစ်ကြောင်း သီရိလင်္ကာ National STD (Sexually Transmitted Disease) အမြစ်ဖြတ် ချေမှုန်းရေး ယူနစ်က အခိုင်အမာ ဖော်ပြထားသည်။
အဆိုပါ ရောဂါ ပျံ့နှံ့ရခြင်း၏ အဓိက အကြောင်းရင်းမှာ ခရီးသွားလုပ်ငန်း၊ မူးယစ်ဆေး သုံးစွဲမှု၊ လိင်တူ ဆက်ဆံမှုနှင့် ရွှေ့ပြောင်းသွားလာမှု စသည်တို့ကြောင့် ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဋ္ဌာနက ပြောသည်။
၂၀၁၄ ခုနှစ်အတွင်း သီရိလင်္ကာနိုင်ငံ၌ HIV/AIDS ကူးစက်ခံရသူပေါင်း ၂၂၈ ဦးရှိကြောင်း သိရသည်။ (Xinhua)