Asia
ထိုင်းဘုရင်သစ်၏ ပုံရိပ်အား ထိခိုက်စေသည့် အရေးအသားများကြောင့် BBC သတင်းဋ္ဌာန စစ်ဆေးခံရ
ဘန်ကောက်၊ ဒီဇင်ဘာ ၈ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ က ဗြိတိန်သတင်းဋ္ဌာနတစ်ခုဖြစ်သည့် BBC သတင်းဋ္ဌာနသည် ထိုင်းနိုင်ငံ၏ ဥပဒေကို ချိုးဖောက်ခဲ့သည့်အတွက် တရားစွဲဆိုခြင်းခံရမည်ဟု ဒီဇင်ဘာ ၇ရက်က ပြောကြားခဲ့ကြောင်း ပြည်တွင်းသတင်းတစ်ခု တွင်ဖော်ပြခဲ့သည်။
ဘန်ကောက်မြို့ရှိ BBC ရုံးသို့ ရဲအရာရှိ ၁၀ဦးလာရောက်ခဲ့ပြီးနောက် ပရာယွတ်၏ပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်ပြီး ထိုင်းဘုရင်သစ်၏ ပုံရိပ်အား တရားမဝင် ထိခိုက်စေမှုဖြင့် BBC ထိုင်းဘာသာဋ္ဌာန အား စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒုတိယဝန်ကြီးချုပ် ပရာဝတ် ဝုံဆူဝမ်း က အာဏာပိုင်များအား အဆိုပါဖြစ်ရပ်ကို စစ်ဆေးရန် ညွှန်ကြားခဲ့ကြောင်း အတည်ပြုခဲ့ပြီး ဥပဒေအား ချိုးဖောက်သူ နှင့် ထိခိုက်သူ မည်သူမဆို အပြစ်ပေးခံရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၎င်းက BBC ထိုင်းဘာသာဋ္ဌာန ၏ ထိုင်းဘုရင်သစ်နှင့်ပတ်သက်၍ အွန်လိုင်းပေါ်တွင်ဖော်ပြခဲ့သည့် သတင်းတစ်ပုဒ် ကို ရည်ရွယ်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုင်းအိမ်ရှေ့မင်းသား မဟာဝချီရာလောင်ကွန်း သည် ဒသမမြောက် ဘုရင်ရာမအဖြစ် အရိုက်အရာ ဆက်ခံပြီး ၂ရက်အကြာတွင် ယင်းသတင်းထွက်ပေါ်လာခြင်းဖြစ်ကာ အဆိုပါ သတင်း၌ ထိုင်းဘုရင်သစ်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အား အများပြည်သူအကြားဖော်ပြခဲ့ပြီး ၎င်းအနေဖြင့် ကွယ်လွန်သူ ထိုင်းဘုရင်ဟောင်းနှင့် တန်းတူ ပြည်သူများ၏ ကြည်ညိုလေးစားမှုရရှိနိုင်မည်မဟုတ်ကြောင်း ဖော်ပြခဲ့သည်။
အဆိုပါ သတင်းအကြောင်းအရာအား ဆိုရှယ်မီဒီယာများ ပေါ်တွင်အများအပြား မျှဝေမှုများ ရှိခဲ့ပြီး ထိုင်းနိုင်ငံသား တစ်ချို့ က ထို့သို့ရေးသားမှုသည် ထိုင်းဘုရင်သစ်အား စော်ကားခြင်းပင်ဖြစ်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ တွင် ဘုရင်စနစ်အား စော်ကားခြင်းကို တင်းကျပ်သည့် ဥပဒေများဖြင့် ထိန်းချုပ်တားမြစ်ထားပြီး ပြစ်ဒဏ်အဖြစ် ထောင်၃နှစ်မှ ၁၅နှစ်အထိ ချမှတ်ခံနိုင်ခြေရှိကြောင်း သိရသည်။
BBC ပြောရေးဆိုခွင့်ရှိသူက ယခုသတင်းအကြောင်းအရာသည် BBC၏ ဘက်မလိုက်မှု၊ လွတ်လပ်မှု နှင့် တိကျသည့်သတင်းများထုတ်ပြန်မှု ဆိုင်ရာ တည်းဖြတ်မှုနည်းစနစ်များနှင့်အညီ ရေးထားခြင်းဖြစ်၍ ယုံကြည်မှုအပြည့်ရှိကြောင်းပြောကြားခဲ့သည်။
ထိုင်းရဲတပ်ဖွဲ့သည် BBC သတင်းအား ဖြန့်ဝေမှုနှင့် ပတ်သက်၍ ကျောင်းသားတစ်ဦးအား ဒီဇင်ဘာ ၃ရက်တွင် ဖမ်းဆီးခဲ့ပြီး နောက်တစ်ရက်တွင် အာမခံဖြင့်ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ ယင်းသို့ ဖမ်းဆီးခြင်းသည် ထိုင်းဘုရင်သစ် မဟာဝချီရာလောင်ကွန်း ထီးနန်းအရိုက်အရာဆက်ခံပြီးနောက် ဘုရင်စနစ်အား စော်ကားသည့် အမှုဖြင့် ပထမဆုံးဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)