Social
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်နေထိုင်သူများကို အမျိုးအစားနှစ်မျိုးခွဲမည်
ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကျူးကျော်နေထိုင်သူများ စာရင်းအားလုံး ကောက်ယူပြီးပါက အခွင့်အရေးပေးမည့် ကျူးကျော်များနှင့် အရေးယူရမည့် ကျူးကျော်များဟူ၍ အမျိုးအစားနှစ်မျိုး ခွဲခြားသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
အဆိုပါ စာရင်းများကောက်ယူပြီး အမှန်တကယ် နေစရာမရှိ၍ ကျူးကျော်သူများကို အခွင့်အရေးပေးမည့် ကျူးကျော်များအဖြစ် သတ်မှတ်၍ နောက်ပိုင်းတွင် နေရာချထားပေးရေးကို ဦးစားပေးအဖြစ် စဉ်းစားမည်ဖြစ်ကြောင်း၊ နေစရာနှင့် အလုပ်အကိုင်များ ရရှိပြီး စီးပွားဖြစ် ကျူးကျော်များဖြစ်ပါက ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ကျူးကျော်နေထိုင်သူများ စာရင်းကောက်ယူခြင်း ရှေ့ပြေးစီမံချက်အဖြစ် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၁၃ မြို့နယ်တွင် ဆောင်ရွက်လျက်ရှိရာ ယင်းစီမံချက် ပြီးစီးပါက ကောက်ယူထားသည့် အချက်အလက်များ မှန်ကန်မှုရှိ၊ မရှိကို စစ်ဆေးမည့် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းကာ အထက်ပါ အမျိုးအစား နှစ်မျိုးခွဲခြားမည်ဖြစ်သည်။
ယင်း ရှေ့ပြေးစီမံချက်အဖြစ် မြို့နယ် ၁၃ မြို့နယ်ထဲမှ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် စာရင်းကောက်ယူမှု ပြီးစီးထားကြောင်း၊ လက်ရှိတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကောက်ယူနေပြီး လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ မြောက်ဥက္ကလာပ၊ သာကေတ၊ မရမ်းကုန်း၊ အလုံ၊ ကျောက်တန်း၊ သန်လျင်၊ ဒလမြို့နယ်တို့၌ ဆက်လက်လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။(Xinhua)