Politics, Law & Military
အင်ဂျင်ပါဝါအရ ကား အခွန် ကွာခြားမှု၊ ရွှေထည် ကုန်သွယ်ခွန် လျှော့ချမှု ပါဝင်သည့် အခွန်အကောက် ဥပဒေကြမ်း တင်သွင်း
![ရန်ကုန်မြို့ရှိ ရွှေဆိုင်တစ်ခု၌ ခင်းကျင်းပြသထားသော ရွှေထည်လက်ဝတ်ရတနာများကို တွေ့ရစဉ် (ဆင်ဟွာ)](https://xinhuamyanmar.com/wp-content/uploads/2017/02/images_mm_2017_02_13r1.jpg)
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)
အထူးကုန်စည်ခွန် ၁၇ မျိုးတွင် ပါဝင်သည့် ကားတင်သွင်းမှုအပေါ် ကား၏ အင်ဂျင်ပါဝါကို မူတည်ပြီး အခွန်နှုန်းထား သတ်မှတ်မှု၊ ရွှေလက်ဝတ်ထည်များ ကုန်သွယ်လုပ်ငန်းခွန် လျှော့ချမှု အပါအဝင်၂၀၁၇ ခုနှစ် ပြည်ထောင်စု ၏ အခွန်အကောက် ဥပဒေကြမ်း နှင့် စပ်လျဉ်းပြီး ပြည်ထောင်စု လွှတ်တော် ဥပဒေ ကြမ်း ပူးပေါင်း ကော်မတီက ၎င်း၏ တွေ့ရှိချက်၊ သဘောထား အစီရင်ခံစာကို ယနေ့ ပြည် ထောင်စု လွှတ်တော် အစည်းအဝေးသို့တင်သွင်းခဲ့သည်။
အဆိုပါ အစီရင်ခံစာအရ ဥပဒေကြမ်း အထူးကုန်စည် အမျိုးအစား အမှတ်စဉ် (၁၅) တွင် ပါဝင်သည့် ကားများနှင့် ပတ်သက်ပြီး —
(က) Double Cab 4 Door Pickup မှ အပ ၁၅၀၁ CC မှ ၂၀၀၀ CC အထိ ဗင်ကားများ၊ ဆလွန်း၊ ဆီဒင်နှင့် ဝက်ဂွန် (Estate Wagon) ကားများ၊ ကူပေး (Coupe) ကားများ အတွက် အခွန်နှုန်း ၂၀ ရာခိုင်နှုန်း၊ (ခ) Double Cab 4 Door Pickup မှ အပ ၂၀၀၁ CC မှ ၅၀၀၀ CC အထိ ဗင်ကားများ၊ ဆလွန်း၊ ဆီဒင်နှင့် ဝက်ဂွန် (Estate Wagon) ကားများ၊ ကူပေး (Coupe) ကားများ အတွက် အခွန်နှုန်း ၃၀ ရာခိုင်နှုန်း၊ (ဂ) Double Cab 4 Door Pickup မှ အပ ၅၀၀၁ CC အထက် ဗင်ကားများ၊ ဆလွန်း၊ ဆီဒင်နှင့် ဝက်ဂွန် (Estate Wagon) ကားများ၊ ကူပေး (Coupe) ကားများ အတွက် အခွန်နှုန်း ၅၀ ရာခိုင်နှုန်း — ဟူ၍ ပြင်ဆင်သတ်မှတ်သင့်သည်ဟု ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ (၁) ၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၆) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်းက ကော်မတီ၏ လေ့လာတွေ့ရှိချက် သဘော ထားကို ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ကော်မတီကိုယ်စား ဖတ်ကြား တင်ပြခဲ့ သည်။
ထို့အပြင် ဥပဒေကြမ်း၏ အပိုဒ် ၁၄ (ဇ) ရှိ “ရွှေထည် လက်ဝတ်ရတနာများ ရောင်းချခြင်းမှ ရောင်းရ ငွေအပေါ်တွင် တစ် ရာခိုင်နှုန်း (၁%) ဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်စေရမည် ဟု ပြင်ဆင် ပြဌာန်း သင့်ပါသည်” ဟုလည်း ၎င်းက တင်ပြခဲ့သည်။ ရွှေထည် လက်ဝတ်ရတနာများအတွက် ကုန်သွယ်ခွန် မှာ ယခင်က ငါးရာခိုင်နှုန်း ရှိခဲ့သည်။ (Xinhua)